ကန္တာရဝတီတိုင်း(မ်)
လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအခင်းအကျင်းတွေမှာ အရင်ကနဲ့ မတူတဲ့ မြင်ကွင်းတစ်ခုကို တွေ့လာရပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ အောက်ခြေမှာပဲ ပါဝင်နေသူတွေ မဟုတ်တော့ဘဲ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ ဆုံးဖြတ်ချက်ချရတဲ့ နေရာ၊ တနည်းအားဖြင့် ခေါင်းဆောင်နေရာကို တဖြည်းဖြည်း ရောက်လာတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဌနေရာကို အမျိုးသမီးခေါင်းဆောင်အဖြစ် မူအန်းဂျလာနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူးနေရာကို မော်သဲမြာက ရွေးချယ်ခံခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ မော်သဲမြာကတော့ KNPP ရဲ့ သမိုင်းကြောင်းတလျောက် ပထမဆုံး အမျိုးသမီး ထိပ်သီးခေါင်းဆောင်နေရာအဖြစ် ရွေးချယ်ခံရတာပါ။
KSCC၊ KNPP အပါအဝင် ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍတွေ ရလာတာကို ကရင်နီအမျိုးသမီးတွေရဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းလာမှုတွေရဲ့ ရလဒ်တစ်ခုအဖြစ် မြင်ကြပါတယ်။

WWF(Women For Women Foundation) ရဲ့ ဒါရိုက်တာရိုစီကျော်ကတော့ ဒီအခြေအနေဟာ ကရင်နီသမိုင်းတစ်လျှောက် အမျိုးသမီးတွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
“ကရင်နီပြည်ရဲ့ KSCC၊ KNPP အပါအဝင် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှာ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုရွေးချယ်ခံလာပြီး ဦးဆောင်ကဏ္ဍမှာ ပါဝင်လာခြင်းအပေါ် ကျမတို့ အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ကရင်နီသမိုင်းတစ်လျှောက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ခြေလှမ်းနဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECရဲ့ လူငယ်ရေးရာဌာန ဌာနမှူးကြီးဖြစ်တဲ့ ခွန်းသောမတ်မ်ကလည်း အုပ်ချုပ်ရေး၊နိုင်ငံရေးမှာ အမျိုးသမီးခေါင်းဆောင်တွေပါဝင်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာအရေးကြီးကြောင်းပြောပါတယ်။
“ဒါက ဘယ်ပြည်နယ်မှ မလုပ်နိုင်သေးတဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်က KSCC က ဘယ်လိုဖြစ်ဖြစ် ကရင်နီပြည်ရဲ့ နိုင်ငံရေးဦးဆောင်ပေါ့နော်။ ကျနော်တို့ ဥက္ကဌကို အမျိုးသမီးဖြစ်တဲ့အပေါ်မှာ ကျနော်ကတော့ အများကြီးလက်ခံတယ် ပြီးတော့ ယုံကြည်တယ် ဖြစ်လည်း ဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်ကတော့ အဲ့လိုယူဆပါတယ်။” လို့ ခွန်းသောမတ်စ်က ပြောပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေအတွက် ခေါင်းဆောင်နေရာတစ်နေရာ ရလာတာနဲ့ အားလုံးပြီးသွားပြီလို့တော့ အမျိုးသမီးအဖွဲ့အစည်းတွေက မမြင်ကြပါဘူး။
အရေးကြီးတာက အဲ့ဒီခေါင်းဆောင်နေရာကနေ ဘာတွေကို ဆုံးဖြတ်နိုင်သလဲ၊ အမျိုးသမီးတွေရဲ့ အသံက ဆုံးဖြတ်ချက်တွေထဲ ဘယ်လောက်အထိ ပါလာသလဲဆိုတာပါပဲ။
အလားတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှာ နိုင်ငံရေးအာဏာခွဲဝေမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ထားပြီး အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် အဖွဲ့ ဖွဲ့စည်သွားဖို့တွေ ရှိပါတယ်။

SCEF အမျိုးသမီးမဏ္ဍိုင်အဖွဲ့ကလည်း အမျိုးသမီးမဏ္ဍိုင်ဆိုတာ အမျိုးသမီးတွေအတွက် နေရာတစ်နေရာ ဖန်တီးပေးထားတာလောက်နဲ့ မပြီးဘူးလို့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ဇူးပဒုမ္မာ ကအခုလိုပြောပါတယ်။
“အမျိုးသမီးမဏ္ဍိုင် ဖွဲ့စည်းခြင်းကို အမျိုးသမီးတွေအတွက် နေရာတစ်နေရာ ရရှိလာတာလောက်နဲ့ မမြင်သင့်ပါဘူး။ ဒါဟာ SCEF ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဘယ်သူတွေက နိုင်ငံရေးအာဏာကို ပိုင်ဆိုင်ပြီး ဘယ်လိုပါဝင်ကြမလဲဆိုတဲ့ နိုင်ငံရေးဆက်ဆံရေးကို ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ မြင်ရမှာဖြစ်ပါတယ်” လို့ ဒေါ်ဇူးပဒုမ္မာ ကပြောပါတယ်။
ဆိုတော့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အမြင်အရတော့ အမျိုးသမီးတွေအပေါ် သက်ရောက်မယ့် ကိစ္စတွေကိုပဲ ပြောဆိုဆုံးဖြတ်တာမျိုး မဟုတ်ပဲ ဖက်ဒရယ်ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းရေးလို နိုင်ငံရေးအခြေခံကိစ္စတွေမှာပါ အမျိုးသမီးတွေရဲ့ အမြင် ပါဝင်ဖို့ လိုပါတယ်။
ဒါကြောင့် SCEF အမျိုးသမီးမဏ္ဍိုင်အနေနဲ့လည်း အမျိုးသမီးတွေရဲ့ အသံကို စုစည်းဖို့၊ မတူညီတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့၊ အမျိုးသမီးတွေရဲ့ ဘုံနိုင်ငံရေးအမြင်တွေကို ဖော်ထုတ်ဖို့ လိုအပ်ကြောင်းလည်း ပြောထားပါတယ်။
အမျိုးသမီးတွေကို ကိုယ်စားပြုတယ်ဆိုတာ အမျိုးသမီးအားလုံးရဲ့ အမြင်တူရမယ်လို့တော့ ဆိုလိုတာမဟုတ်ပဲ အမြင်ကွဲလွဲမှုတွေ ရှိနိုင်တဲ့ လူမျိုးမတူ၊ ဒေသမတူ၊ အဖွဲ့အစည်းမတူ၊ အတွေ့အကြုံမတူတဲ့ အမျိုးသမီးတွေကြားမှာ အဲဒီကွဲလွဲမှုတွေကို ဖျက်ပစ်ဖို့ထက် ဆွေးနွေးညှိနှိုင်းပြီး ဘုံအမြင်တစ်ခု ဖော်ထုတ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဒေါ်ဇူးပဒုမ္မာက ဆိုပါတယ်။
ဒီလိုအခြေအနေမှာ အမျိုးသမီးခေါင်းဆောင်တွေအပေါ် အခြားသော အမျိုးသမီးအစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်ကလည်း ကြီးမားပါတယ်။
ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရဲ့ တွဲဖက်အတွင်းရေးမှူး-၁ မူထရီဇာ ကတော့ အမျိုးသမီးတွေ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်ရောက်ဖို့ ဆယ်စုနှစ်တစ်ခုကျော် ကြိုးပမ်းခဲ့ကြရတယ်လို့ ပြောပါတယ်။
“ဒီနေ့ကတော့ ကျမတို့ တွန်းခဲ့တဲ့၊ တိုက်ခဲ့တဲ့ အမျိုးသမီးဆုံးဖြတ်ချက်ချပိုင်ခွင့် အခန်းကဏ္ဍတွေမှာ ပါဝင်မှုရှိလာတယ်ဆိုတာ စတင်မြင်တွေ့လာရတယ်။ လက်ရှိ အမျိုးသမီးခေါင်းဆောင်တွေကို ဘယ်လောက်ထိ မျှော်မှန်းထားလို့ရလဲဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ အများကြီးမျှော်မှန်းတယ်။” လို့ မူထရီဇာက ပြောပါတယ်။
ဒါပေမယ့် မျှော်မှန်းချက်တွေ များလာတာနဲ့အမျှ အမျိုးသမီးခေါင်းဆောင်တွေအပေါ် ကျရောက်လာမယ့် ဖိအားတွေကလည်း မနည်းပါဘူး။
“အများကြီးမျှော်မှန်းတယ်လို့ ပြောတာနဲ့ တဆက်တည်း အဲဒီခေါင်းဆောင်မှုအဆင့်မှာ ရှိနေတဲ့ အမျိုးသမီးတွေက အများကြီးပင်ပန်းရလိမ့်မယ်။ အမျိုးသမီးအင်အားစုတွေကလည်း အများကြီးဝန်းရံရလိမ့်မယ်” လို့ မူထရီဇာ ကဆိုပါတယ်။
အဲဒီအတွက် အမျိုးသမီးခေါင်းဆောင်တစ်ဦးတည်းကို တာဝန်ပေးထားတာထက် အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီးအင်အားစုတွေက ဝန်းရံပံ့ပိုးပေးဖို့ လိုအပ်သလို တစ်ဖက်မှာလည်း အမျိုးသမီးခေါင်းဆောင်တွေကို အမျိုးသားခေါင်းဆောင်တွေနဲ့ မတူတဲ့ စံနှုန်းတွေနဲ့ စောင့်ကြည့်တာမျိုး မဖြစ်သင့်ဘူးဆိုတဲ့ အမြင်လည်း ရှိနေပါတယ်။
SCEF အမျိုးသမီးမဏ္ဍိုင်အဖွဲ့က အမျိုးသမီးတွေ နိုင်ငံရေးထဲ ဝင်လာတဲ့အခါ “အရည်အချင်းရှိရမယ်၊ အလုပ်ဖြစ်ရမယ်” ဆိုပြီး အရည်အချင်းနဲ့ စံနှုန်းတွေကို ပိုပြီး မေးခွန်းထုတ်ခံရတတ်တယ်လို့ ထောက်ပြပါတယ်။
အဲဒီလိုပဲ နိုင်ငံရေးဦးဆောင်ကောင်စီတွေမှာ ပါဝင်မယ့် အမျိုးသား၊ အမျိုးသမီး ခေါင်းဆောင်တစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ ဦးဆောင်နိုင်စွမ်းကို တူညီတဲ့စံနှုန်းနဲ့ မေးခွန်းထုတ်သင့်တယ်လို့ ဆိုပါတယ်။
လက်ရှိ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဌ မူအန်းဂျလာ ကတော့ သူမတို့အပေါ် လူထုက စောင့်ကြည့်နေကြတာရှိကြောင်းကိုလည်း အခုလို ပြောပါတယ်။

“အမျိုးသမီးတွေက ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာရင် နောက်ဆက်တွဲမေးခွန်းတွေ အများကြီးရှိကြတယ်၊ လုပ်နိုင်ပါ့မှာလားဆိုတဲ့ စိုးရိမ်မှုတွေ၊ မယုံကြည်မှုတွေက ကျမတို့ လူ့အသိုင်းအဝိုင်းမှာ အများကြီးရှိတယ်။”လို့ မူအန်းဂျလာက ပြောပါတယ်။
ဒါကြောင့် အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်မှုနဲ့ ဦးဆောင်နိုင်မှုကို လက်တွေ့ပြသဖို့ လိုအပ်နေတယ်လို့ မူအန်းဂျလာက ဆိုပါတယ်။
တကယ်တော့ အမျိုးသမီးခေါင်းဆောင်မှုဆိုတာ လက်ရှိခေါင်းဆောင်တစ်ဦးရဲ့ အောင်မြင်မှုတစ်ခုတည်းနဲ့ မပြီးပါဘူး။ အမျိုးသမီးတစ်ဦး ခေါင်းဆောင်မှုနေရာကို ရောက်လာတာဟာ အဲဒီအမျိုးသမီးတစ်ဦးတည်းအတွက် အောင်မြင်မှုမဟုတ်ဘဲ နောက်ထပ်အမျိုးသမီးတွေအတွက် လမ်းဖွင့်ပေးနိုင်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး-၁ မူထရီဇာက ပြောပါတယ်။
ဒါကြောင့် လက်ရှိခေါင်းဆောင်တွေကို အသိအမှတ်ပြုရုံနဲ့ မပြီးဘဲ သူတို့ရဲ့ ခေါင်းဆောင်မှု ပိုမိုခိုင်မာလာအောင် ဝန်းရံပေးဖို့၊ သတင်းအချက်အလက်နဲ့ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးပေးဖို့၊ ခွဲခြားဆက်ဆံမှုနဲ့ ဖိအားတွေကို ရင်ဆိုင်တဲ့အခါ အမျိုးသမီးအဖွဲ့အစည်းတွေကြား အပြန်အလှန် ချိတ်ဆက်ကူညီပေးဖို့ လိုအပ်ကြောင်းကိုလည်း မူထရီဇာက ပြောပါတယ်။
ဒီလိုမျှော်လင့်ချက်တွေဟာ အမျိုးသမီးတွေအပေါ် တာဝန်တွေ ပိုပြီးပေးလိုက်တာမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း “ဘာလုပ်နိုင်မလဲ” ဆိုတဲ့မေးခွန်းတစ်ခုတည်းကို ဖြေရှင်းနေရတာမဟုတ်ဘဲ “နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ဘယ်လိုပုံဖော်နိုင်မလဲ” ဆိုတဲ့ မေးခွန်းကိုပါ ဆက်ပြီး စဉ်းစားဖို့ လိုလာပါတယ်။
WWF ရဲ့ ဒါရိုက်တာကလည်း အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ အမျိုးသမီးနဲ့ ကလေးတွေရဲ့ အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ GBV ပပျောက်ရေးနဲ့ တရားမျှတမှုရရှိရေးဆိုင်ရာ မူဝါဒတွေမှာ ပိုမိုပါဝင်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာ အမျိုးသမီးတွေ ဦးဆောင်မှုနေရာတွေဆီ ရောက်လာနေပြီဆိုတာက အစပဲ ရှိပါသေးတယ်။
ရှေ့ဆက်ပြီးတော့ အမျိုးသမီးခေါင်းဆောင်နေရာတွေမှာ အမျိုးသမီးတွေရဲ့ အသံ ဘယ်လောက်အထိ အားကောင်းလာမလဲ၊ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိရှိ ပါဝင်လာမလဲ၊ အမျိုးသမီးတစ်ဦးရဲ့ ခေါင်းဆောင်မှုကနေ နောက်ထပ်အမျိုးသမီးတွေအတွက် ဘယ်လောက်အထိ လမ်းဖွင့်ပေးနိုင်မလဲဆိုတာကတော့ ကရင်နီပြည်ရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးနဲ့အတူ ဆက်လက်စောင့်ကြည့်ရမယ့် အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။







