ကန္တာရဝတီတိုင်း (မ်)
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့ အချက်အလက်တွေကို စတင်တောင်းခံလာပါတယ်။ ဒီလိုတောင်းခံတာက အစိုးရခွင့်ပြုချက်နဲ့ စတားလင့်တရားဝင်သုံးလို့မရသေးတဲ့ နိုင်ငံတွေမှာ တရားမဝင်အသုံးပြုနေတာတွေမရှိအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ မူဝါဒအသစ်ကို ချမှတ်လိုက်တာလို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။
အထူးသဖြင့် စတားလင့်ဗန်းကို မှတ်ပုံတင်ထားတဲ့ နိုင်ငံ ဒါမှမဟုတ် နယ်မြေတစ်ခုကနေ တခြားပြင်ပ နိုင်ငံတစ်ခုကို ပြောင်းရွေ့တဲ့အခါ ခရီးသွားလာမှုမှတ်တမ်းကို မဖြစ်မနေ ဖြည့်စွက်ရတော့မှာပါ။ ခရီးသွားလာမှုမှတ်တမ်းလို့ ပြောတဲ့နေရာမှာ သုံးစွဲသူရဲ့ ပတ်စ်ပို့နံပါတ်နဲ့ မျက်နှာကို စကင်လုပ်ပြီး ကုမ္ပဏီကို တင်ပြရမှာဖြစ်ပါတယ်။
ဒီအချက်က စတားလင့် တရားဝင်သုံးခွင့်မရသေးတဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအပေါ် သက်ရောက်လာပါတယ်။
“စတားလင့်အကောင့်စဖွင့်တုန်းက ဖွင့်ထားတဲ့ နာမည်နဲ့ ပတ်စ်ပို့ပေါ်က နာမည်က တူနေရင်တော့ ရတယ်ပေါ့။ အဓိက နာမည်တူဖို့လိုတယ်။ ကိုယ့်နာမည်နဲ့ ကိုယ်ဖွင့်ထားပြီး ပတ်စ်ပို့မရှိဘူးဆိုရင် အကောင့်ပြန်ပြောင်းရမယ်အဲလိုပေါ့” လို့ ကရင်နီမှာရှိတဲ့ စတားလင့်အင်တာနက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်မီးနဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်နဲ့ ဒေသတွေတိုင်းမှာ စတားလင့်အင်တာနက်ကို ဆက်သွယ်ရေး အတွက် မှီခိုနေရတာပါ။ ကရင်နီပြည်မှာလည်း စစ်အစိုးရ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လွိုင်ကော်မြို့ကလွှဲလို့ ကျန်မြို့နယ် ၆ ခုလုံးမှာ သတင်းအချက်အလက်ရယူဖို့နဲ့ အက်တာနက်အသုံးပြုဖို့အတွက် စတားလင့်အင်တာနက်ကို မှီခိုနေကြရတာပါ။
နိုင်ငံတစ်ခုခုနဲ့ မှတ်ပုံတင်ထားတဲ့ စတားလင့်ဗန်းဟာ တခြားပြင်ပနိုင်ငံတစ်ခုကို ရောက်ရှိသွားတဲ့အခါ ခရီးသွားလာမှုမှတ်တမ်းကို မတင်ပြနိုင်ရင် အကောင့်က ပိတ်သွားမှာဖြစ်ပါတယ်။ ကရင်နီပြည်က စတားလင့်တွေအကုန်လုံးက ပြည်ပနိုင်ငံနဲ့ မှတ်ပုံတင်ထားတာဖြစ်လို့ ပတ်စ်ပို့လက်ဝယ်ကိုင်ဆောင်ထားခြင်းမရှိတဲ့ လူတွေကတော့ အကောင့်ပိတ်ခံရနိုင်ချေရှိနေပါတယ်။
ဒါပေမဲ့ စတားလင့်ကို ဝယ်တဲ့နိုင်ငံမှာ စနစ်,စသွင်းအသုံးပြုတဲ့ နိုင်ငံ ဒါမဟုတ် နယ်မြေမှာပဲ အသုံးပြုမယ်ဆိုရင် ခရီးသွားလာမှု မှတ်တမ်းကို တင်ပြစရာမလိုပါဘူး။
အခုတော့ မြန်မာနိုင်ငံမှာ စတားလင့်ကို တရားဝင်ဝယ်လို့မရတာကြောင့် ကရင်နီက စတားလင့်ပိုင်ရှင်တွေလည်း ကိုယ်ရေးအချက်အလက်၊ ခရီးသွားလာမှု မှတ်တမ်းပါတဲ့ အချက်အလက်တွေကို ဖြည့်ဖို့ စတားလင့်ကုမ္ပဏီက တရားဝင် အချက်အလက်တောင်းခံလာပါပြီ။
အချက်အလက်ကို မဖြည့်နိုင်ဘူးဆိုရင် ရက် ၃၀ အတွင်း အကောင့်ပိတ်ခံရမှာဖြစ်ပြီး စတားလင့်ကို မှီခိုနေတဲ့ လူထုတွေလည်း အင်တာနက်လိုင်း ပြတ်တောက်မှု သတင်းအချက်အလက် စီးဆင်းမှု အခက်အခဲတွေကို ပြန်ကြုံတွေ့ရမဲ့ အနေအထားမှာရှိနေပါတယ်။
“စတားလင့်ရှိတော့ အရေးပေါ်အဆက်အသွယ်တွေ လွယ်ကူနေတယ်လေး။ သတင်းအချက်အလက်တွေလည်း သိရတယ်။ စတားလင့်မရှိတော့ရင် ဆက်သွယ်ရေးခက်ခဲသွားမှာပေါ့။ ပြီးတော့လည်း ကုန်စျေးနှုန်းတွေ ဆက်တက်သွားမှာ။ ဓာတ်ဆီစျေးတွေလည်း ထပ်ပိုတက်အုံးမယ်ထင်တယ် ကျမစဥ်းစားပုံတော့။ အရေးပေါ်အရေးအကြောင်းတွေရှိရင်လည်း ဟိုအိမ်တိုင်ရာရောက်အထိ အရောက်သွားရတော့မယ်ထင်တယ်” လို့ ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

စတားလင့်ပိုင်ရှင်တွေကတော့ အကောင့်မှတ်ပုံတင်တာတွေကို မလုပ်ကြသေးဘူးဘဲနဲ့ စောင့်ကြည့်နေသေးတယ်လို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ မူဝါဒအရ စတားလင့်ဝယ်ယူသုံးစွဲတဲ့လူတိုင်း အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ပါတ်စ်ပို့အချက်အလက်နဲ့ စတားလင့် အကောင့်ဖွင့်ထားတဲ့ အမည်ပေါက်အချက်အလက်တို့က ထပ်တူညီနေမှသာ ရှေ့ဆက်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံက လျှပ်စစ်မီးနဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်၊ ဒေသတွေတိုင်းမှာ စတားလင့်အင်တာနက်ကို မှီခိုနေရတာပါ။ ကရင်နီပြည်မှာလည်း စစ်အစိုးရ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လွိုင်ကော်မြို့ကလွှဲလို့ ကျန်မြို့နယ်အားလုံးမှာ သတင်းအချက်အလက်ရယူဖို့နဲ့ အက်တာနက်အသုံးပြုဖို့အတွက် စတားလင့်အင်တာနက်ကို မှီခိုနေကြရတာပါ။
ကရင်နီပြည်မှာ starlink အင်တာနက်အသုံးပြုမှုကို Free Burma Ranger ( FBR ) အဖွဲ့တည်ထောင်သူ David Eubank က ၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။






