ကန္တာရဝတီတိုင်း ( မ် )
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ပိုဆိုးလာပြီး ကုန်တင်ယူပို့ဆောင်ရေးလည်း ခက်ခဲလာတာကြောင့် ကုန်စည်ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လဒုတိယပတ်ကစပြီး ယခင်သွားလာနေတဲ့ လမ်းမကို အသုံးပြုသွားလာလို့ မရတော့တဲ့အတွက် ကုန်တွေကို လူ (သို့မဟုတ်) ထွန်စက်နဲ့ သယ်ယူပို့ဆောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ လမ်းပန်းဆက်သွယ်ရေးကတော့ ခါတိုင်းနှစ်ထက်စာရင် အများကြီးပိုဆိုးတယ်။ ကုန်ကားတွေက ၆လပိုင်းလဝက်ကစပြီး ဝင်တာမရှိတော့ဘူး လမ်းခရီးအခြေအနေအရပေါ့ သွားလာလို့ ကုန်ကားဆို မရတော့ဘူး အဲ့လိုတော့ရှိတယ်။ လောဆယ်တော့ ထွန်စက်တွေနဲ့ သွားသွားလာလာ ရှိတယ် အဓိက လူနဲ့ပဲ သယ်တာများတယ် ကုန်စည်အတွက် နည်းနည်းပါးပါးပေါ့။” လို့ ဒေသခံတဦးက ပြောပါတယ်။
ယခင်က ဆန်တအိတ်ကို မြန်မာကျပ်ငွေ ၁သိန်းခွဲဝန်းကျင်ရှိရာကနေ လက်ရှိမှာတော့ တအိတ်ကို ၂ သိန်းကျပ်ကနေ ၂သိန်းခွဲအထိ ရှိလာပြီး ဝယ်ယူရခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဓတ်ဆီတလီတာကို ၁၅၀၀၀ ကျပ်ထိ ပေးဝယ်ရသလို တခြား အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်သွားတယ်လို့ ပြောပါတယ်။
ဒေသခံတွေကတော့ ကား၊ ဆိုင်ကယ် သွားလာရခက်ခဲတဲ့နေရာတွေမှာ ကုန်စည်ပြတ်လပ်မှုမရှိအောင် လူနဲ့ကုန်ထမ်းပြီး သယ်ယူနေရတယ်လို့ ပြောပါတယ်။
“ ထွန်စက်နဲ့ပဲသယ်ခါကျတော့ ကုန်ကနည်းနည်းပဲရတယ် ကုန်က ပုံမှန်ထက် ဈေးပိုကြီးသွားတယ် စားသောက်ကုန်တွေကအစ။ လမ်းခရီးက အရင်ကဆို နေ့တပိုင်း နဲ့ရောက်တဲ့ခရီးက အခုဆိုရင် အနည်းဆုံး ၂ ရက်ကနေ ၃ရက် အဲ့လောက်ထိ အချိန်ပေးပြီး သွားလာရတာရှိတယ်”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းကနေ ကုန်စည်ကို သယ်ယူပို့ဆောင်ရတာဖြစ်ပြီး လမ်းခရီးနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကြောင့် ကျေးရွာ ၈ ရွာနဲ့ စစ်ရှောင်စခန်း ၃ ခုက ကုန်ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
မိုးတွင်းကာလ ကုန်စည်သယ်ယူပို့ဆောင်ရတာ ခက်ခဲသလို တခြားသော ကျန်းမာရေး ၊ ပညာရေး ၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေနဲ့ သွားလာရေးအပိုင်းမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။






