ကန္တာရဝတီတိုင်း ( မ် )
ထိုင်း-ကရင်နီနယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)က လူငယ် ၆၉ ဦးဟာ ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာသွားပြီလို့ ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) ရဲ့ ဥက္ကဌ ဦးစိုင်းလုံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
သွားရောက်ခွင့်ရတဲ့အထဲမှာ အမျိုးသား၊ အမျိုးသမီးအပါဝင် လူငယ် ၆၉ ဦးရှိပြီး ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာ သွားရောက်အလုပ်လုပ်ကိုင်ကြမယ်လို့ သိရပါတယ်။
အလုပ်လုပ်ကိုင်ခွင့်ရတဲ့ လူငယ်တွေကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားရောက်လိုတဲ့လုပ်ငန်းခွင်ကို ရွေးချယ်ခွင့်ပေးထားတယ်လို့ ဦးစိုင်းလုံက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“စခန်းကော်မတီရုံးမှာ စာရင်းလာထည့်ပြီးတော့မှ သူဌေးက သူတို့ကိုလာတွေ့တယ်။ အလုပ်ရဲ့ကိစ္စတွေ အချက်အလက် လာရောက်ရှင်းပြတယ်။ ပြီးတော့မှ ကျနော်တို့စခန်းနေလူထုက အလုပ်သွားချင်တဲ့သူတွေက သူတို့စိတ်နိုင်၊ မနိုင်ကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ပြီးတော့မှ သူတို့သွားလို့လည်း ရတယ်ပေါ့”လို့ ဦးစိုင်းလုံက ဆိုပါတယ်။
အလုပ်လုပ်ကိုင်ဖို့ စာရင်းသွင်းထားတဲ့လူငယ်တွေကို The Border Consortium- TBC အဖွဲ့က လုပ်ငန်းခွင်တွင်းက အချက်အလက်တွေနဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို သင်တန်းပေးခဲ့တယ်လို့ ဦးစိုင်းလုံက ဆက်ပြောပါတယ်။
“TBC သင်တန်းပေးတယ်ဆိုတာ အလုပ်သွားလုပ်တဲ့သူတွေကို ဘာသာစကားတွေကို သင်ပေးတာတော့ မဟုတ်ဘူး။ အလုပ်စည်းမျဉ်းစည်းကမ်းတွေပဲ သင်ပေးတယ်။ အလုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိလဲ၊ သွားလို့ရှိရင် အခြေအနေဘယ်လိုရှိလဲ။ အခက်အခဲဘယ်လိုရှိလဲ အဲ့လောက်ပဲ သူတို့ကို သင်တန်းပေးတယ်”လို့ ဦးစိုင်းလုံက ပြောပါတယ်။
အခုလို ထိုင်းအစိုးရဘက်က စခန်းနေလူထုတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်တာဟာ လူငယ်တွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်ကိုင်နိုင်သလို မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းက ရပ်တည်နိုင်တယ်လို့ ဆိုပါတယ်။
လာမယ့် ဩဂုတ်လအတွင်းမှာလည်း စခန်းနေလူထု ဦးရေ (၂၀၀)ဝန်းကျင်က ထိုင်းနိုင်ငံ၊ ဆန်ထဘူရီမြို့မှာ သွားရောက်လုပ်ကိုင်ဖို့ စာရင်းသွင်းထားတယ်လို့ ပြောပါတယ်။ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ထိုင်းအစိုးရ ခွင့်ပြုချက်နဲ့ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ လူဦးရေ ၇၀၀ ကျော်ထိ ရှိလာပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၊ မြို့နယ်အသီးသီးက ဆောက်လုပ်ရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အများဆုံး ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာ ကြေညာပြီးနောက် စက်မှုလုပ်ငန်းအပါအဝင် အလုပ်အကိုင် အမျိုးအစား ရှစ်မျိုးကို လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြောဆိုထားတာပါ။






