spot_img
Homeသတင်းစက်သုံးဆီဈေးမြင့်တက်မှုကြောင့် စပါးရိတ်သိမ်းစက်ခမြင့်လာ၊ တောင်သူများအခက်ကြုံ

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် စပါးရိတ်သိမ်းစက်ခမြင့်လာ၊ တောင်သူများအခက်ကြုံ

-

ကန္တာရဝတီတိုင်း(မ်)

စက်သုံးဆီဈေးနှုန်းတွေ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာတာကြောင့် စပါးရိတ်သိမ်းရာသီမှာ စပါးရိတ်သိမ်းစက်ခ မြင့်တက်လာလို့ တပိုင်တနိုင်စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ နန်းမယ်ခုံမြို့နယ်အတွင်းက တောင်သူတွေ အခက်ကြုံလာတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက စိုက်ပျိုးထားတဲ့ လယ်စပါးတွေကို ပြန်လည်ရိတ်သိမ်းနေကြတာပါ။

“ဆီဈေးတက်တော့ စပါးရိတ်ခလည်း တက်တယ်။ တချို့က နှစ်သိန်းရှစ်သောင်းပေးရတယ်၊ တချို့ဆို သုံးသိန်းအထိ ပေးရတယ်။ ဟိုတစ်ပတ်က ကျမတူလေး စပါးရိတ်တာ သုံးသိန်းကုန်သွားတယ်။” လို့ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။

စိုက်ပျိုးရိတ်သိမ်းစရိတ် မြင့်တက်လာလို့ ယခုနှစ်မှာ စိုက်ပျိုးနိုင်တဲ့ လယ်စပါးဧက အရေအတွက်လည်း လျော့နည်းလာတယ်လို့ သူမက ဆိုပါတယ်။

“အရင်နှစ်က လေးဧကစိုက်နိုင်ပေမယ့် ဒီနှစ်တော့ တစ်ဧကပဲ စိုက်နိုင်တော့တယ်” လို့ သူမက ဆက်ပြောပါတယ်။

စိုက်ပျိုးရေးအတွက် လျာထားတဲ့ အသုံးစရိတ်တွေထဲက အများစုဟာ စက်သုံးဆီဖိုးနဲ့ပဲ ကုန်ကျမှုများတာကြောင့် မြေဩဇာဝယ်ယူဖို့ ငွေကြေးမလုံလောက်တော့ဘူးလို့လည်း တောင်သူတဦးက ပြောပါတယ်။

“ပိုက်ဆံက ဓာတ်ဆီနဲ့ မြေဩဇာအတွက် လျာထားတာပါ။ ဒါပေမယ့် ဓာတ်ဆီဖိုးနဲ့ပဲ ကုန်သွားတော့ မြေဩဇာအတွက် မလောက်တော့ဘူး။ အဲ့ဒီလို အခက်အခဲတွေ ကြုံနေရတယ်” လို့ သူက ဆိုပါတယ်။

နန်းမယ်ခုံမြို့နယ်က စပါးစိုက်တောင်သူတွေဟာ တစ်ဧကလျှင် စပါးရိတ်သိမ်းစက်ခ ကျပ် ၂၇၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ ပေးဆောင်နေရပြီး စက်ရိတ်ခကို လက်ငင်းမပေးနိုင်တာကြောင့် ငွေချေးယူပြီး ပေးဆောင်နေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းနဲ့ နန်းမယ်ခုံမြို့နယ်အတွင်းမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၄၄,၀၀၀ နဲ့ ဒီဇယ်တစ်ဂါလံ ကျပ် ၃၆,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး စက်သုံးဆီဈေးနှုန်းက ဆက်လက်မြင့်တက်နိုင်တယ်လို့ စက်သုံးဆီရောင်းချသူတွေဆီက သိရပါတယ်။

စားဝတ်နေရေးနဲ့ ဝင်ငွေအတွက် လယ်ယာစပါးကို အဓိကစိုက်ပျိုးကြတဲ့ နန်းမယ်ခုံမြို့နယ်အတွင်းမှာ တချို့တောင်သူတွေက စပါးရိတ်သိမ်းနေချိန်မှာပဲ တချို့ကတော့ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ