ကန္တာရဝတီတို(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် လုံခြုံရေးအရ စာသင်ကျောင်းတချို့ကို ယာယီပိတ်ထားရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ ညနေ ၆နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းတနေရာကို စစ်အုပ်စုတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အလယ်တန်းစာသင်ကျောင်းရဲ့ ကျောင်းဆောင်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာ၊ စစ်ရှောင်စခန်းတွေမှာ စစ်အုပ်စုတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုတွေ ရှိနေတာကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် စာသင်ကျောင်းတွေကို ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။
“မနေ့က လေယာဉ် ၂ ခါ လာကြဲတယ်လေ။ ကလေးတွေ ကျောင်းဆင်းပြီး။ ပြီးတော့ ၇ နာရီလောက်မှာ လက်နက်ကြီး တခါကျသေးတယ်။အနီးအနားက ပတ်ဝန်းကျင်မှာပေါ့နော်။ ကျောင်းတွေ ပိတ်လိုက်ရတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျမတို့ ဒီအနီးအနားဆိုရင် စစ်ရှောင်အိမ်တွေ များတယ်လေ။ ကလေးတွေ အတွက် စိုးရိမ် ရတယ်။ ဘယ်နရက်ပိတ်လည်း ဆိုတာကိုတော့ အတိအကျမပြောနိုင်ဘူး။ အခြေအနေ နည်းနည်းပြန်ငြိမ်ရင်တော့ ပြန်တက်မယ်။ လက်ရှိက အခြေအနေအခြေအရ ကျောင်းတွေ ပိတ်လိုက်ရတာ”လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ အလယ်တန်းစာသင်ကျောင်းရဲ့ အနီးအနားက စာသင်ကျောင်း ၅ ကျောင်းကိုလည်း လုံခြုံရေးအရ ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။
ယခုဩဂုတ်လ ပထမပတ်အတွင်း ကရင်နီပြည်တွင်းက ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းက အရပ်သားတွေနေထိုင်တဲ့နေရာတွေကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ဗုံးကြဲမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် နေအိမ် ၊ စာသင်ကျောင်းဆောင်ပျက်စီးမှုတွေလည်း ရှိနေပါတယ်။







