spot_img
Homeသတင်းဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကလေးငယ်အပါဝင် အရေပြားယားနာမှုဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကလေးငယ်အပါဝင် အရေပြားယားနာမှုဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုအတွင်း ကျေးရွာတွေမှာ အရေပြားယားနာဖြစ်ပွားမှုနဲ့ ကူးစက်မှုတွေ ပိုများလာတာကြောင့် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ကျန်းမာရေးဆရာမတဦးက ပြောပါတယ်။

ဓါတ်ပုံ – ပေးပို့

“ဖြစ်တာတော့ ကြာပြီ။ ကူးလည်းကူးတယ်၊ ပြန်ဖြစ်တာလည်းရှိတယ်။ အရွယ်စုံဖြစ်တယ်” လို့ ကျန်းမာရေးဆရာမက ပြောပါတယ်။

အရေပြားယားနာဖြစ်ပွားသူတွေထဲ ကလေးငယ်တွေကို အများဆုံးတွေ့ရပြီး သက်ကြီးရွယ်အိုတွေမှာလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တချို့ကလေးမှာတော့ ဦးခေါင်းတစ်ခုလုံး ပြည်ဖုတွေထွက်တဲ့အထိ ယားနာမှုလက္ခဏာ ပြင်းထန်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အရေပြားကူးစက်ယားနာမှုကို ကုသနိုင်ဖို့ သောက်ဆေးနဲ့ လိမ်းဆေးတွေကို အဓိကလိုအပ်နေပြီး အခမဲ့ဆေးခန်းက ဆေးဝါးလိုအပ်ချက်အပြည့်အဝ မပေးနိုင်တာကြောင့် လူနာတွေ ကိုယ်တိုင်ဆေးဝယ်ဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

“လိမ်းဆေးက တစ်ယောက်ဆို ငါးဘူးလောက်ကုန်တယ်။ ကျမတို့ဆေးခန်းက အခမဲ့ဆေးခန်းဆိုတော့ ငါးဘူးပေးရမယ့်အစား နှစ်ဘူးလောက်ပဲ ပေးနိုင်တယ်။ ကျန်တာ ကိုယ့်ဟာကိုယ်ဝယ်လိမ်းဖို့ ပြောတော့ မဝယ်လိမ်းနိုင်ကြလို့ ပြန်ပြန်ဖြစ်တာလည်းပါတယ်” လို့ ကျန်းမာရေးဆရာမတဦးက ဆက်ပြောပါတယ်။

အရေပြားယားနာမှုဖြစ်ပွားသူတွေထဲ ပျောက်ကင်းသက်သာမှုမရှိဘဲ တစ်နှစ်ပတ်လုံး ဖြစ်ပွားနေသူလည်း ရှိနေတာပါ။ ဆေးဝါးမလုံလောက်တာ၊ ဆေးဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အပြည့်အဝ မလုပ်နိုင်တာတွေကြောင့် ယားနာပြန်ဖြစ်တာနဲ့ ကူးစက်မှုတွေ ဖြစ်စေတယ်လို့ ကျန်းမာရေးဆရာမက ပြောပါတယ်။

အဆိုပါ ဒေလကြိုအုပ်စုအတွင်းမှာ လူဦးရေ ၁ ထောင်ကျော်ရှိပြီး ဒီးမော့ဆို၊ ဖရူဆိုမြို့ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေလည်း စုပေါင်းနေထိုင်ကြပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ