spot_img
Homeသတင်းတော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်ထုတ်ကုန်ရောင်းချခွင့် တားမြစ်

တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်ထုတ်ကုန်ရောင်းချခွင့် တားမြစ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ထုတ်ကုန်တွေကို သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားမှုတွေ မလုပ်ဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့က ဩဂုတ်လ ၁၆ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်အသိပေးပါတယ်။

ကန့်သတ်ကုန်စည်တွေအနေနဲ့ အရက် ၊ ဘီယာ ၊ ဆေးလိပ် ပါဝင်ပြီး ဒဂုံဘီယာ (Dagon Beer)၊ မြန်မာဘီယာ (Myanmar Beer)၊ ဘလက်ရှီးလ်ဘီယာ (Black Shield Beer)၊ အက်ဒမန်ဘီယာ (Andaman Beer) ၊ မန္တလေး ဘီယာ နဲ့ Premium Gold ၊ ရူဘီ (Red Ruby) ဆေးလိပ် တို့ ဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ၊ အမှတ် (၁) စစ်ဒေသ ALPHA (မိုးဗြဲဇုန်)၊ အမှတ် (၂) စစ်ဒေသ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ရှမ်းတောင်-ကယား (ကရင်နီ) တိုင်းစစ်ဒေသတို့က ပူးတွဲထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန်တွေ မရောင်းချကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ခဲ့ဖူးပြီး သိမ်းဆည်းရမိတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

ယခင် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို လိုက်နာကြဖို့ ပြန်လည်အသိပေးတာ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ(IEC) ရဲ့ အတွင်း‌ရေးမှူး(၂) ဦးဗညားက အခုလိုပြောပါတယ်။

“ဒါက ကျနော်တို့ အားလုံးသဘောတူထားတဲ့ဟာကိုပဲ တရားဥပဒေစိုးမိုးရေးအရ လိုအပ်တဲ့အလျောက် ပြန်ပြီးတော့မှ အမိန့်စာထွက်တဲ့ဟာပဲ ဖြစ်ပါတယ်။”လို့ ဦးဗညားက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုန်ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ရောင်းဝယ်နေတာကို တွေ့ရှိရတာကြောင့် အခုလို ထပ်မံ အသိပေးတာလို့ ပြောပါတယ်။ စစ်တပ်ထံကို စီးပွားရေးအကျိုးအမြတ်တွေ တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ စီးဆင်းမသွားစေဖို့နဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ပြည်သူများအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းဝင်နိုင်စေဖို့ ရည်ရွယ်ပြီး တားမြစ်ထားတယ်လို့လည်း ဆိုပါတယ်။

တားမြစ်ကန့်သတ်ကုန်ပစ္စည်းတွေကို ဩဂုတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံးထား ရှင်းလင်းကြဖို့ အသိပေးထားပြီး အဲ့ဒီနောက်ပိုင်းမှာ ဆက်လက်သယ်ယူပို့ဆောင်တာ ၊ ရောင်းဝယ်ဖောက်ကားတာတွေကို စစ်ဆေးတွေ့ရှိရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ