ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းက ကစူးပါကျေးရွာမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် ရွာလုံးကျွတ်နီးပါး ဖျားနာနေကြပြီး အရေးပေါ်ဆေးဝါးနဲ့ ကျန်းမာရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ဒုတိယပတ်ကစလို့ ဖျားနာသူတွေ များပြားလာတာဖြစ်ပြီး လက်ရှိအချိန်ထိ သက်သာပျောက်ကင်းမှု မရှိသေးဘူးလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“တရွာလုံးနီးပါးကလည်း ဖျားကြတယ်။ အဓိကက ရာသီတုပ်ကွေးပေါ့။လက်ရှိဖြစ်နေတာပေါ့”လို့ သူက ပြောပါတယ်။
ဖျားနာမှုတွေအပြင် ကလေးနဲ့ လူကြီးအများစုမှာ ယားနာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းသွားရာမှာ သွေးပါလာတဲ့အခြေအနေတွေအပြင် ငှက်ဖျားနဲ့ ပါးချိုင့်ယောင်လို့ ယူဆရတဲ့ လက္ခဏာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။
ကစူးပါကျေးရွာမှာ ဆေးပေးခန်းနဲ့ ဆေးဝါးမရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးအကူအညီတွေ ရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
“ဆေးကလုံးဝ လက်လှမ်းမမီတာပေါ့နော်။ဆေးနဲ့ပတ်သက်ပြီးပံ့ပိုးကူညီနိုင်တဲ့ အဖွဲ့အစည်းလည်း မရှိဘူးလေ။ မရောက်လာနိုင်တဲ့အနေအထားမျိုး” လို့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
ကစူးပါကျေးရွာဟာ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်၊ ရီနွဲ့(၂) ကျေးရွာအုပ်စုအတွင်းက ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ တည်ရှိပြီး အိမ်ခြေ ၂၃ အိမ်နဲ့ လူဦးရေ ၁၃၁ ဦး နေထိုင်တယ်လို့ သိရပါတယ်။






