ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အခုနှစ်အတွင်း ဒေသခံနဲ့ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ နှမ်းတွေ စျေးကောင်းမရတာကြောင့် တောင်သူတွေအရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိဒေသတွင်းပေါက်စျေးအရ နှမ်း ၁ ပိဿာကို ကျပ် ၉၀၀၀ ဝန်းကျင်သာရှိနေပြီး စိုက်ပျိုးကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်ရင် အရှုံးပေါ်နေတယ်လို့ တောင်သူတွေက ဆိုပါတယ်။
“နှမ်းက မကောင်းတဲ့ အပြင် စျေး ကလည်း မရှိဘူး။ စျေးကို စောင့်ကြည့်နေကြတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေဆိုရင် စျေးက ၁ သောင်းကျော်တယ်။ ၁ သောင်းနဲ့ နှစ်ထောင် နှစ်ထောင်ငါးရာ လောက်ရှိတယ်။ ဒီနှစ်ကတော့ ၉ ထောင်ပဲ ရှိသေးတယ်။ အ့ကြောင်း မရောင်းချင်ကြသေးဘူး။ စျေးကိုလည်း စောင့်ကြည့်နေကြသေးတယ်။ စျေးပိုပေးပြီး ဝယ်ပေးမယ့်သူလည်း မရှိသေးဘူးဆိုတော့ ဆက်လက်ပြီးတော့ စျေးကို စောင့်ကြည့်နေကြတုန်းပဲ” လို့ နှမ်းစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးဘဲရယ်ကပြောပါတယ်။
နှမ်းစျေးမကောင်းတာကြောင့် တချို့တောင်သူတွေက နှမ်းတွေကို သိုလှောင်ပြီး စျေးကောင်းရမှ ထုတ်ရောင်းဖို့ လုပ်ဆောင်ကြသူတွေရှိသလို လက်ရှိ စားဝတ်နေရေးအခက်အခဲကြောင့် ရတဲ့စျေးနဲ့ ရောင်းနေကြသူ မိသာစုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
နှမ်းကို အကြာကြီး သိုလှောင်ထားမယ်ဆိုရင် အလေးချိန် လျှော့လာမှာကိုလည်း တောင်သူတွေက စိုးရိမ်နေကြပါသေးတယ်။
“ဒီလိုပဲ အကြာကြီး သိုလှောင်ထားမယ်ဆိုရင်လည်း စားဝတ်နေရေးအတွက် ထိခိုက်လာနိုင်တယ်။ တချို့ တရက်လုပ်တရက်စားတွေဆိုရင် စားသောက်စရာ မရှိတော့ စျေးပေါပေါနဲ့ပဲ ရောင်းလိုက်ကြတာရှိတယ်။ စားဝတ်နေရေး နည်းနည်း ပိုပြေလည်တဲ့ သူတွေကျတော့ သိုလှောင်ထားကြသေးတယ်”လို့ အသက် ၅၅ နှစ်အရွယ် စစ်ရှောင် တောင်သူ ဦးမဲရယ် က အခုလို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ နှမ်း စျေး ၁ ပိဿာကို ၁သောင်းခွဲဝန်းကျင်အထိ ရှိနေပြီး ဒီကနှစ် နှမ်းပေါ်ရာသီမှာတော့ ၁ ပိဿာကို ၉ ထောင် ဝန်းကျင်သာရှိနေပါတယ်။







