ကန္တာရဝတီတိုင်း(မ်)
ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာနဲ့အမျှ ကရင်နီပြည်တွင်းက စစ်ဘေးရှောင် မိသားစုတွေရဲ့ စားဝတ်နေရေးအခက်အခဲကလည်း ပိုမိုကျပ်တည်းလာပါတယ်။ ဝင်ငွေရရှိဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေချိန်မှာ ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေကနေ ရေ၊ ထင်းနဲ့ တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေအထိ ဈေးနှုန်းမြင့်တက်လာတာကြောင့် မိသားစုဝင်တွေဟာ ရရှိတဲ့ဝင်ငွေနဲ့ အသုံးစရိတ်တွေကို ချိန်ဆပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရပါတယ်။
အထူးသဖြင့် အိမ်မှုကိစ္စနဲ့ မိသားစုဝင်တွေရဲ့ လိုအပ်ချက်တွေကို စီမံနေရတဲ့ အမျိုးသမီးတွေ အတွက်လည်း ဒီလိုကုန်ဈေးနှုန်းမြင့်တက်မှုက နေ့စဉ်ဘဝအပေါ် ထပ်မံဖိအားဖြစ်စေပါတယ်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်ဘူးမြာက တပိုင်တနိုင် အရက်ချက်လုပ်ငန်းနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။
“ကျမတို့ အဲ့ဒီအလုပ်က တပိုင်တနိုင်ရော။ ဒီပြင်အလုပ်ရှိရင် အဲ့ဒီအလုပ် မလုပ်ချင်ဘူး။ ဘာဖြစ်လဲဆို တအားပင်ပန်းတယ်။ နောက်ပြီးတော့ ရေလည်းဝယ်ရတယ်၊ ထင်းလည်းဝယ်ရတယ်။ အခုခေတ်ဈေးနဲ့ မကိုက်တော့ဘူး။” လို့ ဒေါ်ဘူးမြာ က ပြောပါတယ်။
အရက်ချက်လုပ်ရာမှာ အသုံးပြုရတဲ့ ဆန်ကွဲဈေးနှုန်းလည်း မြင့်တက်လာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း ပိုမိုမြင့်တက်လာပါတယ်။ ဒါပေမယ့် အရက်ဈေးကို လိုက်ပြီးမြှင့်တင်လိုက်ရင် ဝယ်ယူသူတွေ မတတ်နိုင်တော့မှာကို စိုးရိမ်ရတာကြောင့် ယခင်ဈေးနှုန်းအတိုင်းသာ ရောင်းချနေရပြီး အမြတ်အစွန်းက မကျန်သလောက် ဖြစ်လာပါတယ်။
ရေ၊ ထင်းနဲ့ ကုန်ကြမ်းစရိတ်တွေပါ မြင့်တက်လာပေမယ့် အလုပ်အကိုင်ရှားပါးတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ဒေါ်ဘူးမြာ က ဒီအလုပ်ကိုပဲ ဆက်လုပ်နေရပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ မိသားစုရဲ့ နေ့စဉ်စားသောက်ရေးမှာလည်း ရှိသမျှနဲ့ ချိန်ဆပြီး ချွေတာနေရတယ်လို့ ဆိုပါတယ်။
“ချွေတာရတယ်၊ အများကြီးချွေတာရတယ် ဘာဖြစ်လဲဆို ကိုယ့်ရဲ့ရှေ့ရေးအတွက် မလုံလောက်မှာ စိုးလို့ဆိုပြီးတော့ လျှော့ပြီးတော့ချက်ရတယ်။ ဥပမာအားဖြင့် ဆီဆို ချွေတာပြီးသုံးရတယ်။ အရင်ကဆို ဖူဖူလုံလုံနဲ့ စားရတာပေါ့။ အဲ့ဒါ ဒီအချိန်ဆို အဲ့လိုမျိုးစားလို့မရဖြစ်သွားတယ်။ ဘာဖြစ်လဲဆို ကိုယ်က ရှေ့ဆက်ဘယ်လိုလာမလဲဆို မသိနိုင်ဘူးလေနော်။ လျှော့ချက်ရတယ်၊ လျှော့စားရတယ် အဲ့လိုမျိုးပေါ့။ ဆီဆို အများကြီးတော်တော်လေးကို လျှော့ချလိုက်တယ်” လို့ ဒေါ်ဘူးမြာ က ပြောပါတယ်။
အသားဟင်းတွေ မဝယ်နိုင်တော့တဲ့အခါ ဝက်ရိုး၊ အမဲရိုးတွေကိုသာ ဝယ်ယူပြီး ဟင်းချက်စားနေရပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ မိခင်အတွက် အနည်းဆုံး အာဟာရရရှိစေဖို့ ရှိသမျှနဲ့ ချိန်ဆပြီး စားစရာကို ပြင်ဆင်ပေးနေရပါတယ်။ မိသားစုအတွက် လိုအပ်တာတွေကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ စိတ်မကောင်းဖြစ်ရတယ်လို့လည်း သူမ က ပြောပါတယ်။
ကုန်စျေးနှုန်းမြှင့်တက်လာခြင်းက စားသောက်ရေးတင်မက တကိုယ်ရည်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကိုပါ ဈေးသက်သာတာနဲ့ အစားထိုးသုံးစွဲနေရပါတယ်။
“ဆပ်ပြာတောင်မှ မျက်နှာသစ်ဆပ်ပြာတောင် မဝယ်နိုင်တော့ဘူး။ အခုဆို ကန်ဘောလိပ် ( ကာဘော်လစ်) ပဲ သုံးလိုက်ရတာပေါ့နော်။ ဟိုအရင်တုန်းကဆို ကျမတို့ဆို မျက်နှာသစ်ဆပ်ပြာဆို သပ်သပ် အဗူးနဲ့လေ အဲ့ဒါကို ဝယ်သုံးလိုက်တယ်ပေါ့။ အခုဆို တော်တော့်ကို လျှော့ချလိုက်တယ်။ ရေချိုးဆပ်ပြာကော၊ မျက်နှာသစ်ဆိုလည်း အဲ့ဒီဆပ်ပြာနဲ့ပဲ ရေချိုးလည်း အဲ့ဒီဆပ်ပြာနဲ့ပဲ သုံးလိုက်တယ် ကန်ဘောလိပ်နဲ့။ ဈေးပိုသက်သာလို့။” လို့ ဒေါ်ဘူးမြာ က ပြောပါတယ်။
အရင်က မျက်နှာသစ်ဆပ်ပြာကို သီးသန့်ဝယ်သုံးနိုင်ပေမယ့် အခုမှာတော့ ဈေးပိုသက်သာတဲ့ ဆပ်ပြာ တမျိုးတည်းကို ရေချိုးရာမှာရော မျက်နှာသစ်ရာမှာပါ အသုံးပြုနေရပါတယ်။
မိသားစုစားဝတ်နေရေးအပြင် ကလေးတွေရဲ့ ပညာရေးစရိတ်ကိုပါ ချိန်ဆရတဲ့အခါ အခက်အခဲက ပိုများလာတဲ့အတွက် မိသားစုမှာ အိမ်ထောင်ဦးစီးအဖြစ်တာဝန်ယူထားတဲ့ ဒေါ်ဖောကတော့ ကလေးတွေရဲ့ ပညာရေးနဲ့ စားဝတ်နေရေး နှစ်ခုစလုံးကို တပြိုင်နက်တည်း ဖြည့်ဆည်းပေးဖို့ မလွယ်ကူတော့ဘူးလို့ ပြောပါတယ်။
“အိမ်ထောင်ဦးစီးတယောက်အနေနဲ့ စိတ်အနှောင့်အယှက် တော်တော်ဖြစ်တယ်ပေါ့နော်။ အဓိက ဥပမာ ပညာရေးနဲ့ ပတ်သက်ရင် ကလေးရဲ့ပညာရေးစရိတ်တွေ ပေးရတယ်။ သူတို့ရဲ့ တလတလ သူတို့ရဲ့ ကျောင်းဝင်ကြေးတွေ ပေးရတယ်။ အဲ့ဟာနဲ့အပြင် သူတို့ရဲ့ စားဖို့သောက်ဖို့ စားဝတ်နေရေးလည်း တဖက်ရင်ဆိုင်ရတယ်။ အဲ့ဒါကိုများ မိခင်တယောက်အနေနဲ့ မိသားစု အိမ်ထောင်ဦးစီးတယောက် အနေနဲ့ စိတ်ရှုပ်စရာက ကလေးကိုတဖက်တလမ်း ပညာရေးပံ့ပိုးနိုင်ဖို့ ရှိသလောက် ပံ့ပိုးပေးမယ် ဆိုလည်း ကုန်ဈေးနှုန်းက မြင့်တယ်။ ပြီးရင် ကလေးလိုချင်တဲ့ဆန္ဒ အပြည့်ဝတော့ မရရှိတော့ဘူး။ အဲ့ကြောင့် သူတို့မှာ ၁၀၀ ရာခိုင်နှုန်းဆိုရင် ငါတို့က ၃၀၊ ၄၀ ရာခိုင်နှုန်းလောက်ပဲ တဝက် ပေးနိုင်တယ်ပေါ့နော်။” လို့ ဒေါ်ဖောက ပြောပါတယ်။
ဝင်ငွေနဲ့အသုံးစရိတ် မမျှတဲ့အခါ တချို့သော စစ်ဘေးရှောင်မိသားစုတွေဟာ မိသားစု စားဝတ်နေရေးအတွက် အကြွေးယူတာ၊ ချေးငွေအားကိုးတာတွေ ရှိလာပါတယ်။ တချို့နေရာတွေမှာတော့ အကြွေးနဲ့ပင် ဝယ်ယူဖို့အခက်အခဲရှိတာကြောင့် ကလေးတွေအတွက် လုံလောက်တဲ့ အာဟာရနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့လည်း မလွယ်ကူတော့ပဲ ရှိသမျှနဲ့ တနေ့ပြီးတနေ့ ဖြတ်သန်းနေကြရပါတယ်။
အသက် ၄၀ အရွယ် ဒေါ်နဲ့နယ်ကတော့ တောင်ယာလုပ်ကိုင်သူတဦးဖြစ်ပါ။ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးနဲ့ မိသားစုစားသုံးမှု မလုံလောက်တဲ့အတွက် ဆန်ကို ပြန်လည်ဝယ်ယူ စားသုံးနေရပါတယ်။ အလုပ်ကြိုးစားလုပ်ကိုင်နေပေမယ့် ထွက်ရှိလာတဲ့ သီးနှံတွေကို ရောင်းချဖို့နဲ့ ဝင်ငွေရရှိဖို့ကလည်း အခက်အခဲရှိနေပါတယ်။ ဒါကြောင့် မိသားစုစားဝတ်နေရေးအတွက် တနေ့ပြီးတနေ့ ရှိသမျှနဲ့ ဖြတ်သန်းနေရပါတယ်။
အဝတ်အစားအတွက် အသုံးပြုတဲ့ ချည်တွေကို ကိုယ်တိုင်ဝယ်ယူရတာကြောင့် ချည်ဈေးနှုန်း မြင့်တက်လာတာကလည်း ဒေါ်နဲ့နယ်အတွက် နောက်ထပ်ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာပါတယ်။
“စျေးကြီးတာက ကြီးသွားပြီကော လျော့ချလို့လည်း မရတော့ဘူး။ အဝတ်တွေအတွက်က ကိုယ်တိုင်ချည်တွေ ဝယ်ရတော့ အခုစျေးကြီးတာနဲ့ မတတ်နိုင်တော့ဘူး။ ဘယ်မှာ သွားယူရတော့မလဲ မသိဘူး။ စျေးကြီးတယ်၊ ဘာမှလုပ်လို့မရတော့ဘူး။ စားသောက်ရင်လည်း မနိုင်တော့ဘူး။ ရေရှိရင် ရပြီလို့ပဲ ပြောတော့တယ်။” လို့ ဒေါ်နဲ့နယ် က ပြောပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် နေ့စဉ်စားဝတ်နေရေးဟာ ဝင်ငွေနဲ့အသုံးစရိတ်ကို အမြဲတမ်းချိန်ဆနေရတဲ့ ဘဝတခု ဖြစ်လာပါတယ်။ ဆီနဲ့ အသားငါးကို လျှော့ချရသလို မျက်နှာသစ်ဆပ်ပြာကနေ အဝတ်အစားအထိ ဈေးသက်သာတာကို ရွေးချယ်နေရပြီး ကလေးတွေရဲ့ ပညာရေးအတွက်လည်း တတ်နိုင်သလောက်သာပံ့ပိုးပေးနိုင်ပြီး ဝင်ငွေ မလုံလောက်တဲ့အခါ အကြွေးနဲ့ချေးငွေကိုပါ အားကိုးနေရပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်နေရတဲ့သူတွေ အထူးသဖြင့် အမျိုးသမီးအိမ်ထောင်သည်တွေဟာ မိသားစု စားဝတ်နေရေးအတွက် ဘာကိုလျှော့ချမလဲ၊ ဘာကိုဦးစားပေးမလဲဆိုတာကို နေ့စဉ်ရွေးချယ်နေရတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရဆဲပါပဲ။





