သိုးကလေး / ကန္တာရဝတီတိုင်း(မ်)
လမစေ့ပဲ မွေးဖွားလာတဲ့ အမွှာသမီးငယ်လေးနှစ်ဦးကို မိခင်နို့ အပြည့်အဝတိုက်ကျွေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မွေးဖွားပြီးနှစ်လကျော်အကြာမှာတော့ နို့ရည်မလုံလောက်မှုနဲ့ မိသားစု စားဝတ်နေရေးအခက်အခဲတွေကို ကလေး ၅ ယောက်ရဲ့ မိခင် ဒေါ်စီစီးလျာတယောက် တပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။
အမွှာလေးတွေကတော့ ရွှေစလင်းနဲ့ ငွေစလင်း တို့ ဖြစ်ပါတယ်။ သူမတို့နှစ်ဦးဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ကရင်နီပြည်၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းတခုမှာ မွေးဖွားလာခဲ့တာပါ။ အမွှာလေးနှစ်ဦးအပြင် မိသားစုမှာ အကြီးသုံးဦးလည်း ရှိနေသေးတာကြောင့် ကလေးငါးဦးကို ပြုစုစောင့်ရှောက်ရတဲ့ မိခင်အတွက် စားဝတ်နေရေးအခက်အခဲက ပိုမိုကြီးမားနေပါတယ်။
အမွှာလေးတွေကို တဦးနဲ့တဦး မိနှစ် နှစ်ဆယ်ခန့်သာခြားပြီး မွေးဖွားခဲ့တာပါ။ လမစေ့ပဲ မွေးဖွားလာတာကြောင့် မိခင်ဖြစ်သူအနေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
“လမစေ့ဘူး။ ၇ လပိုင်းမှ မွေးရမှာ ၆ လပိုင်းကတည်းက မွေးသွားတယ်။ လမစေ့ပဲ မွေးသွားတာပေါ့။ အခုဆိုကလေးက ၂ လနဲ့ ၂ ပတ် ရှိပြီပေါ့နော်။ နို့ရည်မလုံလောက်တော့ ဒူးမက်တိုက်တယ်၊ ဒါပေမဲ့ မဝယ်နိုင်ဖြစ်နေတာပေါ့။” လို့ အမွှာလေးတွေရဲ့မိခင် ဒေါ်စီစီးလျာ က ပြောပါတယ်။
လက်ရှိမှာတော့ ရွှေစလင်းနဲ့ ငွေစလင်းဟာ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတခုမှာ မိခင်၊ ဖခင်တို့နဲ့အတူ နေထိုင်ပါတယ်။ မိသားစုဟာ စစ်ဘေးရှောင်ဘဝကို ဖြတ်သန်းနေရတာ ၅ နှစ် ကျော်လာပါပြီ။
အမွှာလေးနှစ်ဦးကို ပြုစုစောင့်ရှောက်ရတဲ့အပြင် မိခင်ဖြစ်သူကိုယ်တိုင်လည်း အာဟာရပြည့်ဝစွာ စားသောက်နိုင်ဖို့ အခက်အခဲရှိနေပါတယ်။ အာဟာရပြည့်ဝဖို့ လိုအပ်တဲ့ ဖြည့်စွက်စာတွေ၊ ပုံမှန်အစားအစာတွေ စားသုံးလိုပေမယ့် မိသားစုရဲ့ ငွေကြေးအခက်အခဲကြောင့် ဝယ်ယူဖို့ မတတ်နိုင်ဘူးလို့ အမွှာလေးတို့ရဲ့ မိခင်က ပြောပါတယ်။
“ကျမက အမှန်ဆို အိုဗာတင်းနဲ့ နို့ထွက်စေတဲ့ဟာ စားသောက်ရမှာ။ ခုကျတော့ ငွေကြေးမပြေတော့ ဘာမှလည်း မသောက်သုံးနိုင်ဘူးပေါ့နော်။” လို့ အမွှာလေးတို့ရဲ့မိခင် ဒေါ်စီစီးလျာ က ပြောပါတယ်။
အမွှာလေးနှစ်ဦးစလုံးဟာ မိခင်နို့ကို လိုအပ်သလောက် မရရှိတဲ့အချိန်မှာ ဆာလောင်ပြီး ငိုယိုနေတာတွေကိုလည်း မိခင်အနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးနှစ်ဦးကို တပြိုင်နက် ပြုစုစောင့်ရှောက်ရတဲ့အပြင် နို့ရည်မလုံလောက်တဲ့အခြေအနေက မိခင်အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတခု ဖြစ်လာပါတယ်။
“အရမ်းစိုးရိမ်ရတယ်။ ကြီးလာတဲ့အချိန်ထိပေါ့။ အသက်ရှင်အောင် ထားပေးနိုင်ပါ့မလားဆိုတာ တွေးပူနေရတယ်။ အရမ်းလည်း သနားတယ်။” လို့ ဒေါ်စီစီးလျာ က ပြောပါတယ်။
မိခင်နို့ရည် မလုံလောက်တဲ့အခြေအနေမှာ အမွှာလေးနှစ်ဦးအတွက် နို့အစားထိုးအစာကို ဖြည့်စွက်ပေးနေရပေမဲ့ မိသားစုရဲ့ ဝင်ငွေကလည်း လုံလောက်ခြင်းမရှိပါဘူး။
အမွှာလေးတို့ရဲ့ ဖခင်ဖြစ်သူဟာလည်း စစ်ဘေးရှောင်နေရာမှာ ပုံမှန်အလုပ်အကိုင်မရှိပဲ တောင်ယာလုပ်ငန်းနဲ့ လက်လုပ်လက်စား အလုပ်တွေကို ရရှိသလို လုပ်ကိုင်နေရတာကြောင့် မိသားစုရဲ့ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းဖို့ ခက်ခဲနေပါတယ်။
“သူ့အဖေတော့ ကျမတို့နဲ့နေတယ်။ ဒါပေမဲ့ အလုပ်အကိုင်လည်း မရှိဘူးလေး။ တောင်ယာနည်းနည်း လိုက်တာမျိုးပဲ၊ ဝင်ငွေမရှိဘူး။ အလုပ်ထွက်ရှာခိုင်းမယ်ဆိုရင်လည်း ကျမအတွက်လည်း ခက်ခဲတယ်။” လို့ ဒေါ်စီစီးလျာ က ပြောပါတယ်။
အမွှာလေးနှစ်ဦးကို ပြုစုစောင့်ရှောက်နေတဲ့ မိခင်အတွက် ကိုယ်တိုင်အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့နဲ့ အမွှာလေးတို့လိုအပ်တဲ့ အာဟာရတွေရရှိနိုင်ဖို့က စစ်ဘေးရှောင်ဘဝမှာ ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
အထူးသဖြင့် လမစေ့ပဲ မွေးဖွားလာတဲ့ကလေးငယ်တွေမှာ အာဟာရနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကို ပုံမှန်စောင့်ကြည့်ပေးဖို့ အရေးကြီးတာကြောင့် မိသားစုအနေနဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်ဖို့လည်း အရေးကြီးနေပါတယ်။
ရွှေစလင်းနဲ့ ငွေစလင်းတို့ရဲ့ အဖိုးဖြစ်သူကလည်း မိခင်ဖြစ်သူရဲ့ ကျန်းမာရေးနဲ့ ကလေးနှစ်ဦးရဲ့ အာဟာရ ရရှိမှုအပေါ် စိုးရိမ်နေပြီး ကလေးတွေကို ဖြည့်စွက်အစာ ကျွေးမွေးနိုင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
“အဓိက သူ့ဟာက သမီးဦးလည်း မဟုတ်ဘူးပေါ့နော်။ အကြီးသုံးယောက်ရှိတော့ နို့ညှာသဘော မျိုးဆိုတော့ သူ့ရဲ့အပေါ်မှာ သုံးယောက်ရှိတယ်ဆိုတော့ မိခင်လည်း အားကောင်းမောင်းသန်လည်း မဟုတ်တော့ဘူး၊ မကျန်းမာဘူး။ ကလေးလည်း အမွှာဆိုတော့ တခါတခါ နို့စို့ရင် နေ့တပိုင်းစာပဲ ရတယ်။ နို့စို့တာ မလောက်တော့ဘူး။ ဒါကြောင့် ဖြည့်စွက်စာတွေ လိုအပ်တယ်၊ ဒူးမက်တို့ အဲလိုတိုက်မှပဲ ကလေးက ငြိမ်တယ်။ သူ့ရဲ့အခက်အခဲက အဲဒါပေါ့နော်။ မတိုက်ဘူး၊ မဝယ်နိုင်တော့ဘူးဆိုရင် ကလေးကလည်း ဒုက္ခရောက်သွားမယ်။” လို့ အမွှာလေးတို့ရဲ့ အဖိုးဖြစ်သူက ပြောပါတယ်။
မိသားစုအနေနဲ့ စိုးရိမ်နေရတဲ့အချက်ကတော့ အမွှာလေးတို့နှစ်ဦး ကျန်းမာစွာကြီးပြင်းလာနိုင်ရေးပါပဲ။
“အစိုးရိမ်ဆုံးက မိဘတွေအနေနဲ့က ကလေးချူချာသွားမလား၊ မသန်စွမ်းဖြစ်မလားဆိုတာပေါ့။ အလှူရှင်ရှိရင်လည်း လှူပေးဖို့ တောင်းဆိုတာပေါ့နော်။” လို့ အဖိုးဖြစ်သူက ဆက်ပြောပါတယ်။
ရွှေစလင်းနဲ့ ငွေစလင်း တို့ဟာ မိခင်နို့ရည်အပြင် အသက်အရွယ်အလိုက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရ ရရှိဖို့ လိုအပ်နေပါတယ်။ မိခင်အတွက်လည်း ကိုယ်တိုင်ကျန်းမာရေးနဲ့အာဟာရပြည့်ဝစွာ ရရှိနိုင်ရေးက အမွှာလေးနှစ်ဦးကို ဆက်လက်ပြုစုစောင့်ရှောက်နိုင်ဖို့ အရေးကြီးပါတယ်။
စစ်ဘေးရှောင်ဘဝ ၅ နှစ်ကျော်လာချိန်မှာ မိသားစုအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေရရှိရေးက အခက်အခဲ ရှိနေဆဲဖြစ်ပြီး အမွှာလေးနှစ်ဦး မွေးဖွားလာချိန်မှာတော့ မိသားစုရဲ့ စားဝတ်နေရေး ဝန်ထုပ်ဝန်ပိုးက ပိုမိုကြီးမားလာပါတယ်။
အခုချိန်မှာ အမွှာလေးနှစ်ဦးကို ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေချင်တဲ့ မိခင်ဖြစ်သူရဲ့ ရိုးရှင်းတဲ့ မျှော်လင့်ချက်ကတော့ လိုအပ်တဲ့အာဟာရနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိပြီး ဘေးကင်းစွာ ပြုစုစောင့်ရှောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။





