ကန္တာရဝတီတိုင်း (မ်)
တော်လှန်ရေးကာလအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားက လက်မလျှော့ဘဲ ပညာရေးအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းတွေအားလုံးကို ဂုဏ်ပြုကြောင်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ အွန်လိုင်း Zoom ကနေ ကျင်းပတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာန ၃ နှစ်ပြည့် အခမ်းအနားရဲ့ နှုတ်ခွန်းဆက်အမှာစကားမှာ ပညာရေး ဌာနမှူးကြီး မော်မိမာက ထည့်သွင်းပြောဆိုပါတယ်။
စာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအပြင် ပညာရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပညာရေးဝန်ထမ်းတွေအားလုံးရဲ့ ပံ့ပိုးပါဝင်မှုကြောင့် ကြားကာလပညာရေးက မရပ်တန့်ဘဲ ဆက်လက်လည်ပတ်နိုင်တာဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
“ကျမမြေပြင်ဆင်းတဲ့အခါမှာ ကျောင်းတွေမှာ သွားခဲ့တဲ့အခါဆိုရင် ဆရာမတွေက ဘယ်လောက်ခက်ခဲလဲဆိုလို့ရှိရင် သူတို့က စာသင်ရတာ တစ်ခုထဲမဟုတ်ပါဘူး။ ကလေးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေး၊ ဥပမာ မိဘတွေက စားဝတ်နေရေး အခက်အခဲ ရှိတဲ့အခါမှာ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ကြရတယ်။ ကလေးတွေကို အဆောင်မှာပဲ ဖြစ်ဖြစ်၊ အဘိုးအဘွားတွေနဲ့ ပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေနဲ့ ချန်ထားပြီးတော့မှ ကျောင်းလာတဲ့အခါမှာ ကလေးတွေက ဗိုက်ဆာဆာနဲ့ ကျောင်းလာတာရှိတယ်။ တချို့ဆိုရင် ခေါင်းမဖြီးရဘူး။ တချို့ဆိုရင် ဆံပင်တွေရှည်နေပြီ။ ယောကျာ်းလေးတွေဆိုရင် ဆံပင်ရှည်နေတာတွေ့ရတယ်။ တချို့ဆို ရေမချိုးရတာ တစ်ရက်နှစ်ရက်ရှိနေပြီ။ ကျောင်းရောက်လာတဲ့အခါမှာ ဆရာ၊ ဆရာမ တွေက ကလေးတွေကို ရေချိုးပေးရတယ်။ ခေါင်းဖြီးပေးရတယ်။ အဝတ်တွေလျှော်ပေးရတဲ့အထိ လုပ်ဆောင်နေရတဲ့ ကျောင်းတွေကိုလည်း ကျမကိုယ်တိုင်တွေ့ခဲ့ရတယ်ပေါ့နော။ ဆိုတော့ ဒီအပေါ်မှာ အနစ်နာခံပြီးတော့ ကြံ့ကြံ့ခိုင်ပြီး စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီကိုလည်း ကျမအများကြီး ကျေးဇူးတင်တယ်။ ဂုဏ်လည်းဂုဏ်ယူတယ်” လို့ ဌာနမှူးကြီး မော်မိမာက ပြောပါတယ်။
နည်းပညာနဲ့ငွေကြေးလိုအပ်ချက်တွေ၊ လူ့အရင်းအမြစ်အကန့်အသတ်တွေကြားကနေ ကြားကာလပညာရေးကို အတူတကွ ထုဆစ်ဖော်ဆောင်နေကြဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုလိုကြားကာလမှာ ပညာရေးအခန်းကဏ္ဍအတွက် အရေးပေါ်လိုအပ်ချက်တွေ ကြုံတွေ့နေရသလို ဖက်ဒရယ် ပညာရေးစနစ်ကို စတင်တည်ဆောက်နေရတဲ့ အချိန်ကာလလည်းဖြစ်တာကြောင့် ပညာရေးအကြပ်အတည်းတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အခုချိန်ထိ အခက်အခဲရှိနေသေးတာကို နားလည်ပေးစေလိုကြောင်းလည်း မော်မိမာက ပြောသွားပါတယ်။
“ကျောင်းတွေမှာ ဆိုရင် နေ့ရောညပါ ပစ်မှတ်ထားခံရပြီးမှ ဗုံးကြဲတိုက်ခိုက်ခံရတာတွေနဲ့ ရင်ဆိုင်နေရတယ်။ ကျောင်းတွေဖျက်ဆီးခံရတယ်။ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမ တွေထိခိုက်ဒဏ်ရာရတာမက သေဆုံးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဆရာ၊ဆရာမ များနှင့် ကျောင်းသူကျောင်းသားတွေအပါအဝင် ကရင်နီ အများစုက အကြိမ်ကြိမ် နေရပ်စွန့်ခွာ ပြောင်းရွေ့ခဲ့ကြရပါတယ်။ သင်ကြားရင်းနဲ့ ပညာရေးအထောက်အကူပြုပစ္စည်းတွေ၊ နောက်တခါ အရည်အသွေး၊ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ဆရာမတွေ၊ နည်းပညာတွေပေါ့နော။ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ပညာသင်ကြားရဖို့ဆိုတာ ဒီကာလမှာ အင်မတန်ခက်ခဲပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ များစွာ ကန့်သတ်မှု ရှိတဲ့အတွက်၊ လိုအပ်ချက်တွေ များလာတဲ့အခါမှာ အချိန်နဲ့ တပြေးညီ ကျမတို့က လိုက်ပြီးတော့ ဖြည့်ဆည်းပေးနိုင်ဖို့က အင်မတန်အခက်အခဲရှိပါတယ်။ ” လို့ မော်မိမာကပြောပါတယ်။
ကြားကာလ ပညာရေးကို ဖော်ဆောင်နေချိန်မှာ တဖက်မှာလည်း မိသားစုစားဝတ်နေရေး အကြပ်အတည်းကိုဖြေရှင်းရင်း ပညာရေးလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းနေတဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ဂုဏ်ပြုကြောင်း ပြောဆိုသွားပါတယ်။







