ကန္တာရဝတီတိုင်း(မ်)
ပူပြင်းခြောက်သွေ့လွန်းတဲ့ နွေရာသီမှာ ဒီးမော့ဆို(ရှေ့ ) မြို့နယ်၊ ပွန်ချောင်းနံဘေးက နှမ်းခင်းတွေထဲမှာ စစ်ရှောင်တောင်သူတွေ ကိုယ်စီအလုပ်ရှုပ်နေကြပါတယ်။
တချို့က နှမ်းခင်းထဲက အကြွင်းအကျန်တွေကို ခုတ်ထွင်ရှင်းလင်းနေကြပြီး တချို့ကတော့ နေပူဒဏ်ကို အံတုရင်း မိုးအကူးမှာ နှမ်းမျိုးစေ့ကြဲနိုင်ဖို့ မြေပြင်ဆင်နေကြပါတယ်။ နွေအကုန် မိုးအကူးမှာ စိုက်ပျိုးနိုင်ဖို့ ခုတ်ထွင်ထားတဲ့ အကြွင်းအကျန်တွေကို မီးရှို့ရှင်းလင်းနေကြတာလည်း ရှိပါတယ်။
ဒီမြင်ကွင်းဟာ နေရပ်၊ အိုးအိမ်တွေကို စွန့်ခွာပြီး တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ့်အားကိုယ်ကိုး ရုန်းကန်နေမှုတခုလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်က ဒီးမော့ဆို(ရှေ့ ) မြို့နယ်၊ ဒေါတမကြီးအုပ်စုဘက်မှာ နေထိုင်သူတချို့ဟာ စားဝတ်နေရေးအတွက် နှမ်းကို အဓိကထားစိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီအချိန်က တောင်ယာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့ပေမယ့် စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ရှောင်ဘဝကို ရောက်ရှိလာခဲ့ကြပါတယ်။
စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင်တွေရဲ့ အကူအညီကိုသာ မှီခိုပြီး စားဝတ်နေရေး ဖြေရှင်းဖို့ မလုံလောက်တော့တဲ့အတွက် ပွန်ချောင်းနံဘေးက မြေကွက်ငယ်တွေမှာ နှမ်းပြန်စိုက်ပျိုးပြီး ကိုယ့်ဝမ်းစာကိုယ် ရှာဖွေနေကြပါတယ်။
ဒါပေမယ့် သူတို့အတွက် နှမ်းစိုက်ပျိုးခြင်းဟာ မျိုးစေ့ကြဲလိုက်ရုံနဲ့ ပြီးဆုံးသွားတဲ့ အလုပ်မဟုတ်ပါဘူး။ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းပြီး ဈေးကွက်ထဲရောက်တဲ့အထိ အဆင့်တိုင်းမှာ ကုန်ကျစရိတ်နဲ့ မသေချာမှုတွေ ရှိနေပါတယ်။
“နှမ်းဆိုတာ ဆာလာအိတ်ထဲ ရောက်မှာသာ စိတ်ချရတယ်” ဆိုတဲ့ နှမ်းစိုက်တောင်သူတွေရဲ့ စကားကလည်း စိုက်ပျိုးထားတဲ့ သီးနှံကို ရိတ်သိမ်းပြီးတဲ့အထိ သူတို့ရင်ဆိုင်နေရတဲ့ မသေချာမှုကို ထင်ဟပ်စေပါတယ်။
နှမ်းတဧက စိုက်ပျိုးဖို့အတွက် နွေရာသီမှာ အကြွင်းအကျန်တွေကို ခုတ်ထွင်ရှင်းလင်းပြီး မိုးအကူးမှာ မျိုးစေ့ကြဲနိုင်ဖို့ မြေကိုထွန်ယက်ပြင်ဆင်ရပါတယ်။ ထွန်ယက်ခ တဧကကို ကျပ် တသိန်း ဝန်းကျင် ကုန်ကျပြီး နှမ်းတဧက စိုက်ပျိုးဖို့ ပျမ်းမျှကုန်ကျစရိတ်ဟာ ကျပ် ငါးသိန်း ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ဝင်ငွေမရှိပဲ စစ်ရှောင်နေရသူတွေအတွက် ဒီကုန်ကျစရိတ်ဟာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတခု ဖြစ်ပါတယ်။ ကိုယ့်ဝမ်းစာကိုယ် ရှာဖွေနိုင်ဖို့ စိုက်ပျိုးရေးထဲ ပြန်ဝင်လာပေမယ့် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ငွေကြေးကိုတော့ ကိုယ့်မှာရှိသမျှနဲ့ ရင်းနှီးရပါတယ်။ အဲဒီလို ရင်းနှီးစိုက်ပျိုးထားတဲ့ နှမ်းတွေကို ရာသီဥတုကလည်း မျှော်လင့်ထားသလို မကူညီခဲ့ပါဘူး။

နှမ်းစိုက်ပျိုးနေတဲ့ အသက် ၆၀ အရွယ် စစ်ရှောင်အမျိုးသမီးတဦးက အခုနှစ်နှမ်းအထွက်နှုန်းဟာ မနှစ်ကထက် သိသိသာသာ လျော့ကျခဲ့တယ်လို့ ပြောပါတယ်။
“အများကြီး အားစိုက်ပြီးတော့ နှမ်းကို စိုက်ထားရတာ။ ရာသီဥတုမမှန်တာကြောင့် ဒီနှစ်နှမ်းက လုံးဝမကောင်းနေဘူး။ ပြီးခဲ့တဲ့နှစ်ရဲ့ တဝက်ကိုတောင် မမှီတော့ဘူး။ အပင်တွေက မိုးကို လိုအပ်နေတဲ့အချိန်မှာ မိုးက မြန်မြန်မရွာတော့ မကောင်းတော့တာ။” လို့ သူမ က ပြောပါတယ်။
နှမ်းဟာ အပူပိုင်းရာသီဥတုမှာ စိုက်ပျိုးနိုင်တဲ့ သီးနှံတမျိုးဖြစ်ပြီး သက်တမ်းအားဖြင့် သုံးလခန့် ကြာမြင့်ပါတယ်။ ဒါပေမယ့် နှမ်းပင်တွေ ရေလိုအပ်တဲ့အချိန်မှာ မိုးမမှန်တာက အထွက်နှုန်းအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
အထွက်နှုန်း လျော့ကျလာတာနဲ့အတူ စစ်ရှောင်တောင်သူတွေရဲ့ နောက်ထပ်စိန်ခေါ်မှုတခုက ဈေးကွက်ပါ။
လက်ရှိမှာ နှမ်းတပိဿာကို ကျပ် ၉,၀၀၀ ဝန်းကျင်သာ ရရှိနေပြီး မနှစ်ကတော့ တပိဿာကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ရရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒါဟာ မနှစ်ကဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တပိဿာကို ကျပ် ၆,၀၀၀ ခန့် လျော့ကျလာတာဖြစ်ပြီး ဈေးနှုန်း ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းလာတာလည်း ဖြစ်ပါတယ်။
တဖက်မှာ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်တွေ ရှိနေပြီး တဖက်မှာအထွက်နှုန်းလျော့ကျကာ နှမ်းဈေးပါ ကျဆင်းလာတာကြောင့် စစ်ရှောင်တောင်သူတွေအတွက် ဒီနှစ်နှမ်းရာသီဟာ အမြတ်ရရှိဖို့ ပိုမိုခက်ခဲတဲ့ ရာသီတခု ဖြစ်လာပါတယ်။
နှမ်းစိုက်တောင်သူ ဦးမဲရယ်က ဈေးမကောင်းတာကြောင့် ရိတ်သိမ်းထားတဲ့ နှမ်းတွေကို တခါတည်း အများအပြား မရောင်းနိုင်ပဲ လိုအပ်သလောက်သာ ခွဲရောင်းနေရတယ်လို့ ပြောပါတယ်။
“ဈေးမရှိလို့ မရောင်းရသေးတာ။ ကျနော်တို့လည်း စားဖို့သောက်ဖို့ကလည်း ရှိသေးတော့ နည်းနည်း အဲလိုပဲ သွားရောင်းရတယ်။ တအိတ် သို့မဟုတ် ပိဿာလိုက် အဲလိုပဲ သွားရောင်းရတယ်။ ဈေးမရှိလို့ စောင့်နေရတာ။” လို့ ဦးမဲရယ် က ပြောပါတယ်။
စားဝတ်နေရေးအတွက် ငွေလိုအပ်နေတဲ့အတွက် နှမ်းကို တကြိမ်တည်း အများအပြား မရောင်းနိုင်ပဲ လိုအပ်သလောက် ခွဲရောင်းနေရသလို ဈေးကောင်းလာမယ့်အချိန်ကို မျှော်လင့်ပြီး သိုလှောင်ထားသူတွေလည်း ရှိနေပါတယ်။
“ဈေးများများရှိပါစေလို့ ဆုတောင်းတယ်။ ဈေးများများရှိရင်တော့ ပိုကောင်းတာပေါ့” လို့ ဦးမဲရယ်က ဆက်ပြောပါတယ်။
နှမ်းစိုက်ပျိုးတာဟာ စစ်ရှောင်တောင်သူတွေအတွက် အလှူရှင်အကူအညီကိုသာ မှီခိုနေရတဲ့ ဘဝကနေ မိသားစုစားဝတ်နေရေးကို ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားမှုတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီဥတု၊ အထွက်နှုန်းနဲ့ ဈေးကွက်အခြေအနေတွေက တပြိုင်နက်တည်း ဖိအားပေးလာတဲ့အခါ အဲဒီကြိုးစားမှုက မျှော်လင့်ထားသလောက် ဝင်ငွေမဖြစ်လာနိုင်တော့ပါဘူး။
အချိန်နဲ့ လုပ်အားအများအပြား ရင်းနှီးပြီး စိုက်ပျိုးထားတဲ့ နှမ်းတွေကို ဘယ်လိုဈေးနဲ့ ရောင်းချနိုင်မလဲ ဆိုတာကလည်း သူတို့အတွက် နောက်ထပ်စိုးရိမ်စရာတခု ဖြစ်လာပါတယ်။

နှမ်းစိုက်စစ်ရှောင်တောင်သူ ဦးဘဲရယ်ကတော့ လက်ရှိအချိန်မှာ သူတို့အတွက် အရေးအကြီးဆုံးက ဈေးကောင်းရရှိဖို့ဖြစ်ပြီး ထွက်ကုန်တွေကို သူတို့ရှိရာအထိ လာရောက်ဝယ်ယူပေးစေချင်တယ်လို့ ဆိုပါတယ်။
“ဈေးကောင်းပဲ လိုချင်တယ်။ တကယ်လို့သာ ဈေးကောင်းပေးရင် ကျနော်တို့ရှိတဲ့နေရာထိလည်း လာဝယ်ပေးပါအုံးလို့ ပြောချင်တယ်။” လို့ ဦးဘဲရယ် က ပြောပါတယ်။
စစ်ရှောင်ဘဝမှာ မိသားစုစားဝတ်နေရေးကို ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနိုင်ဖို့ စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေဟာ သူတို့အတွက် ဝင်ငွေရရှိဖို့ အရေးပါတဲ့လမ်းကြောင်းတခု ဖြစ်လာပါတယ်။
ဒါပေမယ့် ရာသီဥတုမမှန်လို့ အထွက်နှုန်းလျော့ကျလာသလို နှမ်းဈေးပါ ကျဆင်းလာတာကြောင့် အချိန်၊ ငွေကြေးနဲ့ လုပ်အား ရင်းနှီးထားတဲ့ စစ်ရှောင်တောင်သူတွေအတွက် ဒီနှမ်းရာသီဟာ မျှော်လင့်ထားသလောက် ဝင်ငွေရရှိဖို့ ခက်ခဲနေပါတယ်။
တောင်သူတွေ မျှော်လင့်နေကြတာကတော့ အားစိုက်စိုက်ပျိုးထားတဲ့ နှမ်းတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်ပြီး စစ်ရှောင်ဘဝမှာ မိသားစုစားဝတ်နေရေးကို တစိတ်တပိုင်း ဖြေရှင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။







