ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်တဲ့ ဒေသတနေရာမှာ ကြက်ဥတစ်လုံးကို ၂,၀၀၀ ကျပ်အထိ ပေးဝယ်နေရတာ အခုဆိုရင် ၂လကျော်ကြာလာပြီဖြစ်ပေမယ့် ဈေးနှုန်းကျဆင်းလာခြင်းမရှိသေးဘူးလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအစောပိုင်းက ဖရူဆိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သလို မိုးတွင်းကာလမှာလည်း လမ်းအခြေအနေ ဆိုးရွားတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ဖို့ ခက်ခဲလာပြီး ကြက်ဥအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ စစ်ကြောင်းနဲ့နီးတဲ့ လမ်းမတွေကို ပြန်လည်အသုံးပြုလို့ မရသေးတာကြောင့် ကုန်ပစ္စည်းတွေကို လမ်းကြမ်းတွေကနေ လူအင်အားနဲ့ ခက်ခက်ခဲခဲ သယ်ယူနေရပြီး သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေတာကလည်း ကြက်ဥဈေးနှုန်း မကျသေးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
“လမ်းမရှိတော့ ဆက်သွယ်ရေးပြတ်သွားတဲ့သဘော။ အဲ့ကနေ လူနဲ့ ခက်ခက်ခဲဲခဲသယ်ရတာဆိုတော့ စျေးတက်တာပါ။ စစ်ကြောင်းနဲ့ နည်းနည်းတော့ ဆိုင်တယ်လေး။ သူတို့ကိုအဝေးကြီး ရှောင်သွားရတော့ လမ်းတွေကမကောင်း။ မိုးရွာရင်လမ်းကချော်လို့ သွားမရဘူး” လို့ ဆိုင်အရောင်းပိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။
ကုန်ပစ္စည်းတွေ အဓိကဝယ်ယူရတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာတော့ ကြက်ဥတစ်လုံးကို ၈၀၀ ကျပ်နဲ့ ပေးဝယ်ရတယ်လို့ သူက ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ကြက်ဥ ၃ လုံးကို ၅,၀၀၀ ကျပ်နဲ့ ဝယ်ယူလို့ရနိုင်ပြီး ကရင်နီပြည်အတွင်း ကုန်ဈေးနှုန်းမြင့်မားလေ့ရှိတဲ့ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသနဲ့ နှိုင်းယှဉ်ရင်တောင် ဈေးနှုန်းပိုကြီးတယ်လို့ ဆိုပါတယ်။
မော်ချီးဒေသမှာတော့ ကြက်ဥ ၁၀,၀၀၀ ကျပ်ဖိုးကို ၈ လုံးရပြီး အဆိုပါစစ်ရှောင်ဒေသမှာတော့ ၁၀,၀၀၀ ကျပ်ဖိုးကို ၆ လုံး ရရှိပါတယ်။ အဆိုပါ စစ်ရှောင်ဒေသမှာ လူဦးရေ ၃၀၀ ဝန်းကျင် နေထိုင်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်ကျစရိတ်တွေ မြင့်တက်လာသလို ကြက်မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့ အစာကုန်ကြမ်း၊ မွေးမြူရေးကြက်နဲ့ ဆေးဝါးတွေ တင်သွင်းခွင့် ကန့်သတ်မှုတွေကြောင့် ကြက်ဥထုတ်လုပ်မှုနဲ့ ဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လကစပြီး အရပ်သားအစိုးရအသွင်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပို့ကုန်သွင်းကုန် မူဝါဒအသစ်တွေကြောင့် မြန်မာနိုင်ငံအတွင်း ကြက်ဥတလုံး ဈေးနှုန်းက ၇၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်။







