ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့)မြို့နယ်တနေရာမှာ ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ရေမြုပ်ခဲ့ပြီး စပါးခင်းတချို့မှာ အဖျင်းဖြစ်ပေါ်နေတယ်လို့ စပါးစိုက်ပျိုးသူတွေဆီက သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာတော့ ရေတွေ ပြန်လည်ကျဆင်းသွားပြီဖြစ်ပေမယ့် စပါးနှံတွေ ထွက်နေတဲ့ လယ်ကွက်တွေမှာ စပါးအဖျင်းဖြစ်လို့ အသီးမအောင်တာတွေ ရှိနေတယ်လို့ စပါးစိုက်ပျိုးသူ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
“ရေကတော့ ပြန်ကျပြီ။ ဒါပေမယ့် စပါးနှံတွေက စပါးဖျင်းတွေ ဖြစ်ကုန်တယ်။ အသီးမအောင်တော့ဘူး” လို့ သူက ပြောပါတယ်။
အခုလို ရေကြီးရေလျှံမှုဖြစ်ပွားတာဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်မှာလည်း ရေကြီးမှုတကြိမ် ဖြစ်ပွားခဲ့ပေမယ့် လက်ရှိအကြိမ်လောက် ရေမြုပ်မှု မများခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာလည်း စပါးနှံတွေ စတင်ထွက်ပေါ်နေတဲ့အချိန်ဖြစ်တာကြောင့် နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးလာမှာကို စိုးရိမ်နေကြတယ်လို့ စစ်ဘေးရှောင် တောင်သူအမျိုးသားတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေမှာတော့ ရေက ဒီလိုမကြီးဘူး။ အခုနှစ်မှ ဖြစ်တာ။ အခုချိန်က စပါးနှံတွေ စတင်ထွက်လာပြီ။ စပါးနှံတွေ အကုန်လုံးထွက်ပြီးမှ ရေနောက်ထပ်ကြီးလာရင်တော့ အကုန်လုံး ဆုံးရှုံးမှုတွေ ဖြစ်ကုန်မယ်ထင်တယ်။ စိုးရိမ်ရတယ်” လို့ သူက ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ တောင်ကျချောင်းရေတွေ စုဝေးလာပြီး စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ လယ်ကွင်းတွေထဲကို ရေစီးဝင်လာတာကြောင့် အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာလို့ တောင်သူတွေက ပြောပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ လယ်စပါးဧရိယာဟာ စုစုပေါင်း ဧက ၅၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု မမှန်တာကြောင့် ဒီးမော့ဆို(ရှေ့)မြို့နယ်က နေရာတချို့မှာ စပါးပင်တွေ မသန်တာနဲ့ အထွက်နှုန်းကျဆင်းတာတွေ ရှိနေသလို ချောင်းနဲ့နီးတဲ့ နေရာတွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အချိန်တိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။







