ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ တတိယပတ်အထိ ၁၆ နှစ်အောက် ကလေး ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးမှုစာရင်းဟာ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီ စုစည်းထားတဲ့စာရင်းသာဖြစ်ပါတယ်။ သေဆုံးသူတွေထဲ ၁၀နှစ်အောက် ကလးငယ် နှစ်ဦးပါဝင်ပြီး မော်ချီးဒေသက အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ဒီးမော့ဆိုအနောက်ခြမ်းက အသက် ၉ နှစ်အရွယ် ကလေးတဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေ စုဝေးနေထိုင်ရာနေရာတွေ၊ ကလေးတွေ ဆော့ကစားနေတဲ့နေရာတွေကို ဒရုန်းနဲ့ထောက်လှမ်းတာ၊ အသေခံဒရုန်းနဲ့ မကြာခဏ တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သားတွေကို တိုက်ခိုက်မှုဟာ ဆိုးရွားတဲ့လုပ်ရပ်ဖြစ်ပြီး အထူးသဖြင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတာကို စိတ်ထိခိုက်ရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ အမျိုးသားတဦးက ပြောပါတယ်။
“အသေခံဒရုန်းနဲ့ တိုက်ခိုက်နေတာတော့ တော်တော်ဆိုးရွားတာပေါ့။ ဘာမှ မသိတဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရတာကပိုဆိုး။ကိုယ်တိုင်ကိုယ်ကျ ကူညီသူအနေနဲ့တောင် အဲ့လိုမြင်ကွင်းက တော်တော်လေး စိတ်အခြေအနေထိခိုက်ရတယ်။ သူတို့ကိုယ်တိုင် တိုက်ခိုက်သတ်နေတဲ့သူတွေရဲ့ စိတ်ကဘယ်လိုစိတ်လဲတော့ မတွေးပေးတတ်တော့ဘူး။”လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၂ ဦးအနက် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပါတယ်။
ဖြစ်စဉ်တွေထဲမှာ စက်တင်ဘာ ၁ ရက်နေ့က မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် အမျိုးသားတဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၂၀ နှစ်အရွယ် အမျိုးသားတဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက်အရွယ် အတည်မပြုနိုင်သေးတဲ့ အမျိုးသားတဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။
အလားတူ စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး( ရှားတော) မြို့နယ်တနေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ အသေခံဒရုန်းနဲ့ဗုံးကြဲမှုကြောင့် နန်းမယ်ခုံမြို့နယ်က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတဦးနဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက အသက် ၉ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း ကရင်နီပြည်က မြို့နယ်တချို့မှာ လုံခြုံရေးအခြေအနေအရ စာသင်ကျောင်းတချို့ကို ပိတ်ထားရပါတယ်။ တိုက်ခိုက်ခံရမှုတွေကြောင့် ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှုတွေရှိနေတဲ့အပြင် ကျောင်းတက်နေတဲ့ ကလေးတွေအတွက်လည်း စိုးရိမ်နေရတယ်လို့ ဒီးမော့ဆို (ရှေ့) မြို့နယ်ရှိ ကလေးမိခင်တဦးက ပြောပါတယ်။
“စိုးရိမ်စရာတွေက အများကြီးပဲ။ ကလေးကျောင်းသွားတယ်ဆိုပေမယ့် ကျောင်းမှာ လေယာဉ်လာကြဲမလား၊ ဒရုန်းလာချမလားဆိုတဲ့အတွေးနဲ့ စိတ်ပူနေရတယ်။ အိမ်မှာနေရင်လည်း အခုက ကျောင်းမှာမှ၊ အိမ်မှာမှ ခွဲပြီးလုပ်တာမဟုတ်တော့ ပိုဆိုးတာပေါ့။ လုပ်ချင်တဲ့နေရာ လုပ်၊ ကြဲနေတော့ ကလေးတွေအတွက် စိုးရိမ်စရာမရှိတဲ့အချိန်ရယ်လို့ မရှိဘူးပေါ့လေ” လို့ အဆိုပါကလေးမိခင်က ပြောပါတယ်။
စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်က ကရင်နီပြည်က မြို့နယ်တွေမှာ လေကြောင်းဗုံးကြဲမှု ၃ ကြိမ်၊ ဒရုန်းနဲ့ဗုံးကြဲမှု ၅ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူဦးရေ ၂၀ ကျော် ရှိတယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့လက်လှမ်းမီစာရင်းအရ သိရပါတယ်။







