ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်က စပါးစိုက်တောင်သူတချို့ဟာ လုံခြုံရေးစိုးရိမ်မှုတွေကြားကနေ တနိုင်တပိုင် စိုက်ပျိုးထားတဲ့ စပါးတွေကို ပြန်လည်ရိတ်သိမ်းနေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ၊ ဇူလိုင်လက စိုက်ပျိုးထားတဲ့ မိုးစပါးတွေကို ပြန်လည်ရိတ်သိမ်းနေကြတာ ဖြစ်ပါတယ်။
“စိန်ခေါ်မှုကတော့ အများကြီးရှိပါတယ်။ ဘာလို့ဆို ဘေးပတ်ဝန်းကျင်မှာ တိုက်ပွဲလည်းရှိ၊ ဒရုန်းလည်းဝဲ၊ လေယာဉ်လည်းဝဲတယ်။ ဒါပေမယ့် လုပ်ရမှာက လုပ်ရမှာပဲလေ။” လို့ နန်းမယ်ခုံမြို့နယ်ရှိ တောင်သူအမျိုးသားတဦးက ပြောပါတယ်။
နန်းမယ်ခုံမြို့နယ်နဲ့ ထိစပ်နေတဲ့ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ရှိနေတာကြောင့် တောင်သူတွေဟာ လုံခြုံရေးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။
စပါးရိတ်သိမ်းရာမှာ စပါးခြွေစက်ကို အသုံးပြုနေရပြီး တဧကကို ကျပ် ၂၂၀,၀၀၀ ကနေ ကျပ် ၃၀၀,၀၀၀ ဝန်းကျင်အထိ ပေးဆောင်ရသလို စက်သုံးဆီဈေးနှုန်းပေါ်မူတည်ကာ ရိတ်သိမ်းခ ကွာခြားတယ်လို့ အဆိုပါတောင်သူက ဖြည်စွက်ပြောပါတယ်။
တောင်သူတချို့ကတော့ ဒရုန်းနဲ့ ကင်းထောက်လေယာဉ်တွေ ပျံဝဲနေတာကြောင့် စပါးမရိတ်သိမ်းနိုင်သေးဘဲ မြေပြင်အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“အခုက တချို့က ရိတ်ရပြီ၊ တချို့က မရိတ်ရသေးဘူး။ ကျမတို့ကလည်း မရိတ်ရသေးဘူး။ အခြေအနေကလည်း စောင့်ကြည့်နေရတယ်ပေါ့နော်” လို့ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။
နန်းမယ်ခုံမြို့နယ်က တောင်သူတွေဟာ စပါးစိုက်ပျိုးရာမှာ တဧကလျှင် အနည်းဆုံး ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ ဝန်းကျင်အထိ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးကုန်ကျစရိတ်များပြားတဲ့အပြင် မြေပြင်အခြေအနေကြောင့် စပါးပြန်မရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
စားဝတ်နေရေးအတွက် လယ်စပါးကို နှစ်စဉ်စိုက်ပျိုးနေရပေမယ့် မြေပြင်စစ်ရေးအခြေအနေနဲ့ စိုက်ပျိုးကုန်ကျစရိတ် ပိုမိုများပြားလာတာကြောင့် လာမယ့်နှစ်တွေမှာ စပါးစိုက်ပျိုးဖို့ ခက်ခဲလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။






