ကန္တာရဝတီတိုင်း ( မ် )
ဒီကနေ့ (စက်တင်ဘာ ၂၆ ရက်နေ့) မှာ ဖရူဆိုမြို့နယ်အတွင်း နာရေးပြုလုပ်နေတဲ့ နေအိမ်ကို အာဏာသိမ်းစစ်တပ်က ဒရုန်းကနေ မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ ဦးခေါင်း၊ နဖူးနဲ့ ကျောဘက်မှာ ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၄ ရက်ကနေ ဒီကနေ့အထိ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယမန်နေ့မှာလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့ ကင်းထောက်ပျံဝဲတာတွေလည်း နေ့စဉ်ရှိနေတယ်လို့ ဆိုပါတယ်။
“တော်တော်များများ ပစ်တယ်၊ ၁၀ လုံးကျော်မယ်။ စစ်ဘေးရှောင်စခန်းထိ ကျတယ်လို့လည်း ပြောတယ်။ စိုးရိမ်တာက လူထိမှာစိုးတာ” လို့ စက်တင်ဘာ ၂၅ ရက်နေ့က လက်နက်ကြီးကျရောက်တဲ့ နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ သုံးရက်ဆက် တိုက်ခိုက်မှုတွေကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို လက်နက်ကြီးကျည်တွေ ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲတာနဲ့ တိရစ္ဆာန်တွေ ထိမှန်သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“လက်နက်ကြီး တအားပစ်နေတယ်။ မနေ့က ပစ်တာ ရွာထဲကျပြီး နွားကြီးတကောင် သေသွားတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာနဲ့ သွားလာတာတွေ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လူထုနေထိုင်ရာ နေရာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။






