spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

ဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းတနေရာက အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“၁၁ ခွဲ လေယာဉ်လာတဲ့ချိန်ပေါ့။ ၁၂ နာရီလောက်ကျတော့ Y-12 လာပစ်တယ်။ ဒီနားမှာ တအိမ်ထဲက သားအဖနှစ်ယောက်၊ သူ့အဖေနဲ့ သူ့သမီး ထိသွားတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မိသားစုတခုတည်းက အသက် ၆၁ နှစ်အရွယ် ဖခင်ဖြစ်သူရဲ့ ညာဘက်ဝမ်းဗိုက်မှာ ထိမှန်ခဲ့ပြီး အသက် ၃၁ နှစ်အရွယ် သမီးဖြစ်သူကတော့ ရင်ဘတ်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။ ဒါ့အပြင် အသက်အရွယ်အတည်မပြုနိုင်သေးတဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦး လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မနက်ပိုင်း ၁၁ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၂ စီး ရောက်ရှိလာတာဖြစ်ပြီး အဲ့ဒီထဲက တစီးက ပွိုင့် ၈ အပါအဝင် ၂ ကြိမ်ခန့် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Y-12 လေယာဉ်တစီးနဲ့လည်း ပျံဝဲကာ ထပ်မံဗုံးကြဲခဲ့ပြီး တကြိမ်မှာ ဗုံး ၅ လုံးခန့်နဲ့ စုစုပေါင်း ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလအတွင်း ကရင်နီပြည်က အရပ်သားနေထိုင်ရာနေရာတွေကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ၁၂ ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမီ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် )

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ