ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အနီးတဝိုက်က ကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ လွိုင်ကော်၊ မိုးဗြဲနဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက စစ်ဘေးရှောင်အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာအကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“စားနပ်ရိက္ခာ အဓိကလိုတာပေါ့။ ကျမတို့ ဒီ ၂၀၂၆ ခုနှစ်ဆိုရင် တလပိုင်းကနေ အခုချိန်ထိ ဆန်တစ်စေ့တောင် လာလှူ၊ လာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ မရှိဘူးပေါ့နော်။ တခြားဟာဆို ပြောမနေနဲ့ပေါ့။ အခုက ကျမတို့က အိမ်အလွတ်တွေမှာ နေနေရတယ်ဆိုတော့ မိုးလုံ၊ လေလုံတော့ နေရတယ်ပေါ့နော်။ အဓိကက စားနပ်ရိက္ခာ ဖြစ်နေတယ်” လို့ လွိုင်ကော်မြို့ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ အိမ်ပိုင်ရှင်တွေက ခိုနားခွင့်ပေးထားတဲ့ နေရာတွေမှာ လာရောက်စုပေါင်းနေထိုင်တာ ၂ နှစ်ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။
စစ်ဘေးရှောင်ကာလ ကြာမြင့်လာပြီး ဝင်ငွေရတဲ့ အလုပ်အကိုင် မရှိသလို နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းဖို့လည်း အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။ နေ့စားအလုပ် ရရှိတဲ့အခါ လုပ်ကိုင်ကြပေမယ့် ရေရှည်စားဝတ်နေရေးအတွက်တော့ နေ့စားအလုပ်က အကန့်အသတ်ရှိတယ်လို့ ဆိုပါတယ်။
“ကျမဆို လွိုင်ကော်မှာတုန်းက စုဆောင်းထားတဲ့ ပစ္စည်းလေးတွေပေါ့နော်။ ရွှေတို၊ ရွှေစတွေ ရောင်းစားလိုက်တယ်။ မှန်မှန်ပြောတာ။ တိုင်တစ်စုံရှိတယ်။ အဲ့ဒါလည်း ကျမတို့ ရောင်းစားကုန်ပြီးပြီ။ ကုန်ပြီ။ ကျမတို့မှာ ဘာမှမကျန်ဘူး။ နောက်ပြီး ငွေတိုးချေးနေရတယ်။ အခုဆို ကျမဆို ဒီ ၂၀၂၆ မှာကိုပဲ ငါးသိန်း၊ ခြောက်သိန်းရှိပြီ။ ဒါ ငွေတိုးချေးတာပေါ့။ ၂၀၂၆ တခုပဲနော်၊ အရှေ့ပိုင်းတွေ မပါဘူး။ လုံးဝတကယ်ခက်ခဲသွားလို့ ရောင်းစရာပစ္စည်း မရှိလို့ ငွေတိုးချေးပြီး စားခဲ့ရတယ်” လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။
လိုအပ်တဲ့ အကူအညီတွေ ရရှိနိုင်ဖို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေထံ တောင်းခံခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ မရရှိသေးဘူးလို့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတဦးက ပြောပါတယ်။
“ Target Area မဟုတ်လို့ ကျမတို့ ကျန်ခဲ့တယ်လို့ ပြောပါတယ်။” လို့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရှိရာ နေရာတွေကို အကူအညီတောင်းခံစာတွေ ပေးပို့ခဲ့ပေမယ့် နောက်ပိုင်းမှာ ဓာတ်ဆီဈေးမြင့်တက်လာတာကြောင့် သွားလာရေးအတွက် အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။
အဆိုပါ တိမ်းရှောင်နေတဲ့ နေရာမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။







