spot_img
Homeမာလ်တီမီဒီယာဝေဟင်ထက်က ဒရုန်းရန်ကို ကြောက်နေရတဲ့ တောင်သူတို့ရဲ့ စကားသံများ

ဝေဟင်ထက်က ဒရုန်းရန်ကို ကြောက်နေရတဲ့ တောင်သူတို့ရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုအရှေ့ဘက်ခြမ်း ( ကေးလျား ) မြို့နယ်အတွင်းက တောင်ယာခင်း၊ ယာခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ တောင်သူတွေကို အာဏာသိမ်းစစ်တပ်က မကြာခဏ ဒရုန်းနဲ့ကင်းထောက်တာ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ရှေ့တန်းကာကင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လနဲ့ စက်တင်ဘာလ နှစ်လအတွင်း တောင်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိအချိန်ဟာ သီးနှံတွေ ရိတ်သိမ်းနေကြတဲ့ကာလဖြစ်ပါတယ်။ ရိတ်သိမ်းချိန်မှာ ဝေဟင်ထက်က အန္တရာယ်ကို စိုးရိမ်ကြောက်လန့်နေရတဲ့ တောင်သူတွေရဲ့ စကားသံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

ဒေါ်ဗျားမို (တောင်သူအမျိုးသမီး)

“ခြံထဲ သွားနေလို့ရှိရင် စစ်ကောင်စီတပ်က ဒရုန်းတွေများ လာမလား အမြဲတမ်းတွေးပြီး နားစွင့်နေရတယ်။ စိုးရိမ်စိတ်နဲ့ပေါ့။ သေချာ နားထောင်ရတယ်။ နားစွင့်ထားရတယ်။ တခါတလေဆိုရင် နားယောင်ပြီးတော့ လေယာဉ်သံတို့ ဘာတို့ နားယောင်လို့ရှိရင် ပြေးပုန်းမိတဲ့အချိန်လည်း ရှိတယ်။”

ဒေါ်ရီးမိုး (တောင်သူအမျိုးသမီး)

“ခြံထဲသွားရင် အရမ်းကြောက်ရတယ်။ လက်နက်တွေအကြောင်းပဲ အမြဲတွေးနေရတယ်။ ကျမတို့ ဒီလိုသွားရင် သူတို့ လာပစ်ချခဲ့ရင် ကျမတို့ ဘယ်ကို ပြေးရမလဲ တွေးနေရတယ်။ မသွားဘူးဆိုရင် မဟုတ်ပြန်ဘူး။ သွားပြန်ရင်လည်း ကြောက်တယ်။ မတတ်နိုင်ဘူး။ ကိုယ့်ခြံဘေးနားမှာ ယောကျာ်းလေးတွေ အလုပ်လုပ်နေတာတွေ့ရင် နည်းနည်း ပိုစိတ်အေးရတယ်။ ဘယ်သူ့မှ လာတာမတွေ့ဘူးဆိုရင် ဘာမှ မလုပ်ချင်တော့ဘူး။ ပြန်ပဲ ပြန်လိုက်ချင်တော့တယ်။”

ဦးဖဲဘူး (တောင်သူအမျိုးသား)

“ကျနော်တို့ တောင်ယာတွေကိုပဲ လုပ်စားနေကြနေရတဲ့ သူတွေမှာပေါ့နော်။ ခြံထဲသွားပြီး အလုပ်လုပ်ဖို့၊ သီးနှံတွေကို ယူပြန်ဖို့က အဟန့်အတားတခု ဖြစ်တယ်။ အကုန်လုံး မယူပြန်နိုင်တော့တဲ့သူတွေလည်း ရှိတယ်။ ဒီရက်ဆိုရင် ကျနော် ခြံထဲသွားတာ သူတို့ (စစ်ကောင်စီ) ဒရုန်းတွေ လာထောက်သေးတယ်။ အဲ့လိုမျိုးတွေပေါ့။ ဒီနှစ်နဲ့ လာမယ့်နှစ်တွေမှာက ကျနော်တို့ စားရပါ့မလား၊ မစားရဘူးလားဆိုတော့ သေချာ မသိနိုင်သေးဘူး ဖြစ်တယ်။”

ချောစုထွေး (တောင်သူအမျိုးသမီး)

“ရိတ်သိမ်းတဲ့အချိန်မှာက ဒရုန်းတွေလာရင် ရိတ်သိမ်းနိုင်မှာ မဟုတ်ဘူး။ ဘာလို့ဆို ဒရုန်းကတော့ ပြည်သူတဦးတွေ့လည်း ပစ်တယ်။ နှစ်ဦးတွေ့လည်း ချတယ်(ဒရုန်းနဲ့ဗုံးကြဲ)ဆိုတော့။ ပြီးရင် စစ်ကြောင်းက မရှိရင်၊ နည်းနည်း ဒရုန်းမလာတဲ့အချိန်ဆိုရင် ရိတ်သိမ်းလို့ ရနိုင်တယ်။ပြီးတော့ ဒရုန်းက ဒီစစ်ရှောင်အထိကိုလာတယ်။ စစ်ရှောင်အထိ လာတဲ့အချိန်ဆို သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက်ဆိုရင် တော်တော်လေး အန္တရာယ်တခု ဖြစ်တယ်။ ကျင်းတွေ၊ ရေမြောင်းပုံစံ ကာဗာကျင်းတွေတော့ လုပ်ထားတယ်။ ဒါပေမယ့် အဲဒါတွေနဲ့ မလုံလောက်ဘူး။ အနီးကပ်မှာဆိုရင် သူတို့က မတူကွဲပြားတဲ့ အဆောက်အဦးမှာဆိုရင် ပိုပြီးတော့ ပစ်တာများတော့ ကြောက်ဖို့ကောင်းတယ်။

တခါတလေကျရင် နားမကြားတဲ့ သက်ကြီးရွယ်အိုတွေ၊ ပြီးတော့ ကလေးတွေကျတော့ ဆွဲခေါ်ရတဲ့ အဲ့မျိုးတွေကျတော့ အဆင်မပြေဘူး။ ရိတ်သိမ်းတဲ့အချိန်မှာဆိုရင်လည်း အဲ့လိုပဲ။ တချို့ကျတော့ နည်းနည်းသွားလာနိုင်တဲ့ သက်ကြီးရွယ်အိုပိုင်းတွေကျတော့ တတ်နိုင်သမျှ သားသမီးတွေကို သွားကူတယ်။ ပြေးတဲ့အချိန်မှာကျတော့ သူတို့အတွက် တော်တော်လေး အန္တရာယ်ဖြစ်တယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ