ကန္တာရဝတီတိုင်း(မ်)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ ရည်မှန်းချက် နဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းကနေ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့အတွက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ရဲ့ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံမှာ တင်ပြခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ အထွေထွေ ညီလာခံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၅ ရက်တာ တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့မှာ ကျင်းပခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေက ညီလာခံကို တက်ရောက်ခဲ့ပါတယ်။
၅ ရက်တာ ညီလာခံ အတွင်း SCEF ရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာ သိရှိရေး ကြိုးပမ်းမှု အခြေအနေကို အသိပေးခဲ့တာအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေပြုရေးတာဝန်အသီးသီးကို ထမ်းဆောင်နေတဲ့ အပိုင်းတွေ၊ CRPHနဲ့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေးကိစ္စတို့ကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အခြားတစ်ဖက်မှာလည်း စစ်အုပ်စုက အတုအယောင်ရွေးကောက်ကတဆင့် ပုံဖော်ဖန်တီးထားတဲ့ တရားမဝင် လွှတ်တော်၊ အစိုးရ ယန္တရားတွေကို နိုင်ငံတကာအသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေမှုကို တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ CRPH က ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်အုပ်စုတိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ရေး နဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရရှိနိုင်ရေးတို့ကိုလည်း အဓိက ဆောင်ရွက်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ရေးအင်အားသုံးပြီး ခြိမ်းခြောက်ဖိနှိပ်ကာ တိုင်းပြည်ရဲ့ အနာဂတ် ဆုံးဖြတ်ခြင်းကို လက်ခံမှာမဟုတ်ဘဲ လက်တွေ့ကျပြီး ရေရှည်တည်တံ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ SCEF က အသိပေးပြောဆိုထားပါတယ်။







