ကန္တာရဝတီတိုင်း(မ်)
အယ်နီညိုဆိုတဲ့ စကားလုံးကို လတ်တလော မိုးလေဝသသတင်းတွေမှာ မကြာခဏ ကြားလာရပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ ရှင်းလင်းချက်အရ အယ်နီညို (El Niño) ဆိုတာ အီကွေတာအနီးရှိ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာတာနဲ့ ဆက်စပ်တဲ့ သဘာဝရာသီဥတုဖြစ်စဉ်တခု ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ သမုဒ္ဒရာတစ်ခုတည်းမှာသာ ဖြစ်ပေါ်ပြီး ရပ်တန့်မသွားဘဲ လေထုလည်ပတ်မှုနဲ့ အပြန်အလှန်သက်ရောက်ကာ ကမ္ဘာ့ဒေသအသီးသီးရဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေကိုပါ ပြောင်းလဲစေနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေနဲ့ သုတေသီတွေရဲ့ ခန့်မှန်းချက်အရ လာမယ့် ၆ လအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ခြေရှိတယ်လို့ ချီကာဂိုတက္ကသိုလ် Climate Impact Lab ရဲ့ ခန့်မှန်းချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ လူပေါင်း ၁,၂၀၀ ခန့် အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂဘေးအန္တရာယ်လျော့ပါးရေးရုံး UNDRR ကလည်း တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ မိုးခေါင်တာ၊ အပူချိန်လွန်ကဲတာနဲ့ တောမီးလောင်ကျွမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကရင်နီဒေသအတွက် ဘာကြောင့် အယ်နီညိုကို အလေးထားဖို့ လိုအပ်ပါသလဲ။
ခန့်မှန်းချက်တွေအတိုင်း အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှုပုံစံ မမှန်တာတွေဖြစ်လာရင်တော့ လူတွေရဲ့ နေ့စဉ်ဘဝကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သက်ရောက်နိုင်ပါတယ်။ ဥပမာအနေနဲ့ ရေအရင်းအမြစ်တွေ လျော့နည်း လာနိုင်တာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်လာနိုင်တာနဲ့ နေပူထဲ အလုပ်လုပ်ရသူတွေ အပူဒဏ်ပိုမိုခံစားရနိုင်တာတို့ ဖြစ်ပါတယ်။
စိုက်ပျိုးရေးပညာရှင် ဒေါက်တာစောဦးရယ်က အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မလာခင် ကရင်နီမှာ အခုကတည်းက ရေအရင်းအမြစ်တွေကို ထိန်းသိမ်းချွေတာသင့်သလို၊ ရေငတ်ခံနိုင်ပြီး သက်တမ်းတိုတဲ့ သီးနှံတွေကို ကြိုတင်စိုက်ပျိုးထားဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
အယ်နီညိုကို သမုဒ္ဒရာတခုရဲ့ အပူချိန်ပြောင်းလဲမှုအဖြစ်သာ မမြင်ဘဲ လူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ ရာသီဥတုဆိုင်ရာ ဖြစ်စဉ်တခုအဖြစ် နားလည်ထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင်ဖို့ အထောက်အကူဖြစ်စေမှာပါ။
အပူဒဏ်က လူတွေရဲ့ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ လာမယ့် ဒီဇင်ဘာလ မှာ အယ်လ်နီညိုဟာ အားအကောင်းဆုံးအခြေအနေကိုရောက်လာနိုင်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ပျမ်းမျှထက် အပူချိန်မြင့်တက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
အပူချိန်မြင့်တက်နိုင်တဲ့ ကာလတွေမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်ကို ပိုမိုသတိပြုဖို့ လိုအပ်ပါတယ်။ လူတွေအနေနဲ့ နေပူလို့ ပင်ပန်းတာ၊ ချွေးထွက်များတာ၊ ရေငတ်တာတွေဟာ သာမန်အခြေအနေတခုဆိုပေမယ့် အပူဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေပြီး အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
အပူဒဏ်ကြောင့် ကြွက်တက်တာ၊ လူနှုံးတာနဲ့ အပူရှပ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နေပူထဲမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်တာနဲ့ ချွေးထွက်များတာတွေကြောင့်လည်း ရေနဲ့ ဆားဓာတ်ဆုံးရှုံးကာ ကြွက်တက်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အားနည်းတာနဲ့ ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။
အဲဒီလက္ခဏာတွေထက် ပိုမိုပြင်းထန်လာမယ်ဆိုရင် အပူရှပ်ခြင်းဖြစ်ပြီး စိတ်ရှုပ်ထွေးတာ၊ စကားမပီ (အသံထွက်မရှင်းတာ)တာ၊ တက်တာနဲ့ သတိလစ်တာတွေ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အဲလိုအခြေအနေမျိုးမှာ အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။
အပူဒဏ်မခံစားရခင်မှာ ကြိုတင်ကာကွယ်ထားတာက အရေးကြီးဆုံးပါ။ အပူချိန် မြင့်မားတဲ့နေ့တွေမှာ ရေကို ပုံမှန်သောက်ပေးတာ၊ အလုပ်လုပ်ချိန်အတွင်း အနားယူချိန် သတ်မှတ်ထားတာ၊ နေပူပြင်းတဲ့အချိန်တွေမှာ အားစိုက်လုပ်ကိုင်မှုကို လျှော့ချတာနဲ့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။ ။
ကရင်နီဒေသမှာ ဘယ်သူတွေကို ပိုပြီးဂရုစိုက်ဖို့ လိုသလဲ။
အပူချိန်မြင့်တက်လာတဲ့အခါ လူတိုင်း အပူဒဏ်ကို တူညီစွာ ခံစားရတာမဟုတ်ပါဘူး။ တချို့သူတွေ အတွက် အပူဒဏ်ဟာ ခဏတာပင်ပန်းမှုသာ ဖြစ်နိုင်ပေမယ့် တချို့သူတွေအတွက်တော့ နေ့စဉ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးအန္တရာယ်ကိုပါ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ဘယ်လိုနေထိုင်ကြသလဲ၊ ဘယ်လိုအလုပ်လုပ်ကြသလဲ၊ သန့်ရှင်းတဲ့သောက်ရေနဲ့ အရိပ်ရတဲ့ နေရာတွေကို လက်လှမ်းမီနိုင်သလားဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တောင်သူ လယ်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊ ဈေးရောင်းဈေးဝယ်လုပ်ကိုင်သူတွေနဲ့ အပြင်ထွက်ပြီး နေ့စဉ်ဝင်ငွေရှာဖွေရသူတွေဟာ အပူဒဏ်ကို တိုက်ရိုက်ခံစားရနိုင်သူတွေ ဖြစ်ပါတယ်။
အပူချိန်မြင့်မားတဲ့အချိန်မှာ အလုပ်ကို ဆက်တိုက်လုပ်ကိုင်နေတာ၊ အနားယူချိန် မလုံလောက်တာနဲ့ ရေသောက်ဖို့ အခက်အခဲရှိတာတွေက အပူပန်းခြင်းနဲ့ အပူရှပ်ခြင်းအန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်။
အပူဒဏ်ကို ခံစားရကြောင်းမပြောပြနိုင်သေးတဲ့ ကလေးငယ်တွေနဲ့ ရေသောက်နည်းတဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ နာတာရှည်ရောဂါသည်တွေဟာ အပူဒဏ်ရဲ့ ဘေး အန္တရာယ်ကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့တွေအတွက် အိမ်နဲ့ ဘေးပတ်ဝန်းကျင်မှာ အေးမြတဲ့ ခိုလှုံရာနေရာတွေလိုအပ်သလို ရေ၊အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမီရနိုင်ဖို့ အရေးကြီးပါတယ်။
အပူဒဏ်ကို လူမှုအသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုစုပေါင်းကာကွယ်ကြမလဲ။
အပူဒဏ်အန္တရာယ်ကို လျှော့ချဖို့ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုအပြင် ရပ်ရွာအတွင်း အပြန်အလှန် ကူညီမှုကလည်း အရေးကြီးပါတယ်။
အိမ်နီးချင်း ပတ်ဝန်းကျင်တွေမှာ တစ်ယောက်တည်းနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေကို ပုံမှန် ကြည့်ရှုမေးမြန်းတာ၊ ကျေးရွာအလိုက် သို့မဟုတ် စစ်ရှောင်စခန်းအလိုက်ဖြစ်စေ ရေသန့်ရရှိရေးနဲ့ ရေသိုလှောင်ရေးကို စနစ်တကျ စီစဉ်ထားရှိတာ၊ အပူဒဏ်ခံစားရတဲ့ လက္ခဏာတွေနဲ့ အရေးပေါ်ကူညီ ကယ်ဆယ်ရေးနည်းလမ်း သို့မဟုတ် အသိပညာတွေကို ရပ်ရွာအတွင်း မျှဝေတာ တွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် အပူဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို လျှော့ချဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။
အယ်နီညိုဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် တားဆီးလို့မရပေမယ့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေ၊ ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိပြီး ပြင်ဆင်ထားတာက မိမိတို့ရဲ့ ကျန်းမာရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံမှုကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။







