ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက နေရာတချို့မှာ အခြေခံဆေးဝါးနဲ့ Royal-D ဓာတ်ဆားမှုန့် ပြတ်လပ်နေပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဆေးရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
“Royal-D တော့ ပြတ်နေတယ်၊ ဝယ်လို့မရဘူး။ ရက်ပိုင်းအတွင်းမှာတော့ Royal-D ဓာတ်ဆားမှုန့်ဆို ဈေးထိုးတက်သွားတယ်” လို့ တပိုင်တနိုင် ဆေးရောင်းဝယ်ရေးလုပ်ကိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေမှာ Royal-D ဓာတ်ဆားတဖာကို ကျပ် ၃၅,၀၀၀ ဝန်းကျင်သာရှိခဲ့ပေယ့် ယခု နိုဝင်ဘာလအတွင်းမှာတော့ ကျပ် ၅၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဆေးဝါးနဲ့ ဆေးဝါးဆိုင်ရာပစ္စည်းတွေကို ကရင်နီပြည်ပြင်ပက တခြားမြို့နယ်တွေမှာ ဝယ်ယူရတာဖြစ်ပြီး အဲ့ဒီနေရာတွေမှာလည်း ဆေးဝါးပြတ်လပ်တာနဲ့ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဆေးရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
ကရင်နီပြည်အတွင်း ကုန်စည်ဝင်ရောက်စီးဆင်းမှု နည်းပါးတာအပြင် လမ်းခရီးအခက်အခဲတွေကြောင့်လည်း ဆေးဝါးဝယ်ယူရရှိဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ဆေးကတော့ စုံလင်ရတယ်ဆိုတာမျိုးတော့ မရှိဘူးပေါ့နော။ ဈေးလည်းတက်တယ်။ လတ်တလော Royal-D ပြတ်နေတာ တစ်ပတ်ကျော်တော့ ရှိသွားပြီ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လတ်တလော ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ၊ စစ်ရှောင်စခန်းတချို့မှာလည်း ရာသီဥတုအပြောင်းအလဲတွေကြောင့် ကလေးငယ်တွေအပါအဝင် လူကြီးတွေမှာ နှာစေး၊ ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးကူးစက်မှုတွေ များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျန်းမာရေးပြဿနာတွေအပြင် ဆေးဝါးဝယ်ယူရရှိဖို့ အခက်အခဲတွေပါ ရှိနေတာက ကျန်းမာရေးစောင့်ရှောက်မှုမှာ အခက်အခဲကြုံတွေ့လာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ နားလည်သူတွေက သုံးသပ်ပြောဆိုထားပါတယ်။







