ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့) မြို့နယ်၊ ဒေါတမကြီးအုပ်စုအတွင်းက ကျေးရွာ စာသင်ကျောင်းတကျောင်းမှာ စာသင်ဆောင်မလုံလောက်တာကြောင့် စာသင်ခန်းတခန်းထဲမှာ အတန်း ၂ တန်းပေါင်းပြီး သင်ကြားနေရတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
“ကျောင်းဆောင်တဆောင်ထဲကို အတန်း ၂ တန်းပေါင်းသင်နေရတယ်။ အဲ့လိုဆို ကလေးတွေက ဆူညံမှုတွေရှိနေတော့ စာသင်ခန်းမလုံလောက်တဲ့ အခြေအနေပေါ့” လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
KG အတန်းကနေ Grade 9 အထိ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အဆိုပါကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ဦးရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ စာသင်ခန်းတွေကလည်း ကျဉ်းတဲ့အတွက် ကလေးတွေ စာသင်ကြားရာမှာ အခက်အခဲတွေရှိနေတယ်လို့ ကျောင်းဆရာမတွေက ပြောပါတယ်။
စာသင်ခန်းမလုံလောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ကျောင်းတာဝန်ခံတွေက ကျောင်းဆောင်သစ်တဆောင် ဆောက်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ လက်ရှိမှာတော့ အလှူရှင်တွေရဲ့ အကူအညီနဲ့ ကျောင်းဆောင်သစ်ဆောက်လုပ်နေဆဲဖြစ်ပေမယ့် လိုအပ်တဲ့ အကူအညီတွေ မပြည့်စုံသေးတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်နားထားရတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
“ဆောက်လုပ်နေဆဲ တန်းလန်းကြီး ဖြစ်သွားတယ်။ အလှူရှင်မလုံလောက်မှုတွေ ရှိနေတယ်။ အလှူရှင်မလုံလောက်မှုကြားကနေ မိဘလုပ်အားပေးတွေကိုလည်း အရမ်းကို ခေါ်နေရတော့ မိဘတွေမှာ အခက်အခဲတွေရှိနေတယ်။ အဲဒါကြောင့်မို့ စာသင်ခန်းက မပြီးသွားဘူး” လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ကျောင်းဆောင်တွေလည်း အနည်းငယ် ယိုယွင်းပျက်စီးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
“ကလေးတွေ များတော့ လာမယ့်နှစ်အတွက်ဆို ကျောင်းဆောင်တဆောင်က ဆောက်လုပ်ပြီးစီးနိုင်ဖို့ လိုအပ်နေတယ်” လို့ ကျောင်းကော်မတီဝင် အမျိုးသားတဦးက ပြောပါတယ်။
အဆိုပါကျောင်းမှာ စာသင်ဆောင်မလုံလောက်မှုအပြင် စာရေးကိရိယာတွေလည်း လိုအပ်နေတာကြောင့် လာမယ့်ပညာသင်နှစ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာရေးကိရိယာတွေကိုလည်း ပိုမိုထောက်ပံ့ပေးကြဖို့ သင်ကြားရေးဆရာ၊ ဆရာမတွေက တောင်းဆိုထားပါတယ်။
ဒီးမော့ဆို(ရှေ့) မြို့နယ်မှာ လက်ရှိ စာသင်ကျောင်းပေါင်း ၃၀ ရှိပြီး ကျောင်းသား၊ ကျောင်းသားတွေ ပညာသင်ကြားလျက်ရှိပါတယ်။







