spot_img
Homeဆောင်းပါး“အယ်လ်နီညိုအန္တရာယ်ကြား စားနပ်ရိက္ခာဖူလုံရေးအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်မလဲ။”

“အယ်လ်နီညိုအန္တရာယ်ကြား စားနပ်ရိက္ခာဖူလုံရေးအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်မလဲ။”

-

ကန္တာရဝတီတိုင်း(မ်)

အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ အပူချိန်မြင့်တက်ခြင်းနဲ့ ရေရှားပါးခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေးထုတ်လုပ်မှုနဲ့ စားနပ်ရိက္ခာရရှိနိုင်မှုအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ စိုက်ပျိုးရေးကို အဓိကမှီခိုနေရတဲ့ ကရင်နီပြည်လို ဒေသတွေအတွက် ဒီအခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

စားနပ်ရိက္ခာရှားပါးလာမှ အရေးပေါ်ဖြေရှင်းတာထက် လက်ရှိထွက်ရှိနေတဲ့ သီးနှံတွေကို ကြိုတင်စုဆောင်းသိုလှောင်ခြင်း၊ မျိုးစေ့နဲ့ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းခြင်း၊ အစားအစာတွေကို ရေရှည်စားသုံးနိုင်အောင် ပြုပြင်သိမ်းဆည်းခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ထားသင့်တယ်လို့ ကရင်နီပြည်က စိုက်ပျိုးရေးပညာရှင် ဒေါက်တာစောဦးရယ်က အကြံပြုပါတယ်။

သီးနှံတွေကို ကြိုတင်ရိတ်သိမ်းစုဆောင်းခြင်း

လက်ရှိထွက်ရှိနေတဲ့ ဒေသထွက်သီးနှံတွေကို အလေအလွင့်အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းစုဆောင်းထားသင့်တယ်လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။ သီးနှံစုဆောင်းခြင်းကို မိသားစုတစ်စုချင်းစီရဲ့ တာဝန်အဖြစ်သာ မမြင်သင့်ဘဲ ကျေးရွာ၊ မြို့နယ်နဲ့ ဒေသအဆင့်အထိ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒေသအလိုက် စားနပ်ရိက္ခာလိုအပ်ချက်နဲ့ ရရှိနိုင်တဲ့ ပမာဏတွေကို ကြိုတင်စာရင်း ပြုစုထားဖို့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ စားနပ်ရိက္ခာလိုအပ်ချက် ပိုမိုမြင့်မားတဲ့ ထိခိုက်လွယ်မိသားစုတွေကို ဦးစားပေးဖြန့်ဝေနိုင်ဖို့နဲ့ ဒေသတွင်းအရင်းအမြစ်တွေကို အခြေခံပြီး ကိုယ်တိုင်ရပ်တည်နိုင်ဖို့လည်း အရေးကြီးပါတယ်။

သီးနှံသိုလှောင်ရာမှာ သတိပြုရမယ့်အချက်များ

သီးနှံတွေကို သိုလှောင်တဲ့အခါ အစိုဓာတ်၊ ပိုးမွှားနဲ့ မှိုတက်ခြင်းတွေကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် စုဆောင်းထားတဲ့ သီးနှံအားလုံးကို တနေရာတည်းမှာမထားဘဲ သင့်လျော်တဲ့ သိုလှောင်ရာနေရာတွေမှာ ခွဲဝေသိမ်းဆည်းထားသင့်တယ်လို့ ဒေါက်တာစောဦးရယ်က အကြံပြုပါတယ်။

နောင်စိုက်ပျိုးရာသီအတွက် မျိုးစေ့ထိန်းသိမ်းခြင်း

စားသုံးဖို့အတွက်သီးနှံတွေကို စုဆောင်းထားရုံသာမက နောင်နှစ်တွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ဒေသထွက် စပါး၊ ပြောင်း၊ ပဲ နဲ့ ဟင်းသီးဟင်းရွက် မျိုးစေ့တွေကိုလည်း ကြိုတင်စုဆောင်း သိုလှောင်ထားဖို့ လိုအပ်ပါတယ်။

မျိုးစေ့လိုအပ်ချက်တွေကို တောင်သူတွေရဲ့ အခြေအနေနဲ့အညီ ကြိုတင်စီစဉ်ထားသင့်ပြီး မျိုးစေ့ဟာ စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် အခြေခံအရင်းအမြစ်ဖြစ်တယ်လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။ မျိုးစေ့ဖူလုံမှုရှိမှသာ နောင်လာမယ့် စိုက်ပျိုးရာသီတွေမှာ သီးနှံထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ရေရှားပါးမှုနဲ့ ကိုက်ညီတဲ့ သီးနှံတွေစိုက်ပျိုးခြင်း

အယ်လ်နီညိုဖြစ်စဉ် ပြင်းထန်လာပါက ရေရှားပါးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ရေလိုအပ်ချက်နည်းပြီး သက်တမ်းတိုတဲ့ သီးနှံတွေကို ဦးစားပေးစိုက်ပျိုးဖို့ လိုအပ်ပါတယ်။

ရေအရင်းအမြစ်တွေကိုလည်း ကြိုတင်စုဆောင်းထိန်းသိမ်းပြီး ချွေတာသုံးစွဲသင့်ပါတယ်။ ဒါ့အပြင် ရာသီဥတုအခြေအနေကို ပုံမှန်စောင့်ကြည့်ကာ ရရှိနိုင်တဲ့ ရေပမာဏနဲ့ ကိုက်ညီအောင် စိုက်ပျိုးချိန်နဲ့ စိုက်ပျိုးရေးအစီအစဉ်တွေကို ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဒေါက်တာစောဦးရယ်က အကြံပြုပါတယ်။

အစားအစာတွေကို ရေရှည်စားသုံးနိုင်အောင် ပြုပြင်သိမ်းဆည်းခြင်း

စားနပ်ရိက္ခာဖူလုံရေးအတွက် နောက်ထပ်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ အစားအစာတွေကို အခြောက်ခံခြင်း၊ အချဉ်တည်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ရေရှည်စားသုံးနိုင်အောင် ပြုပြင်သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။

ဥပမာ ဒေသထွက်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အချဉ်တည်ခြင်း၊ အခြောက်ခံခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဖရုံသီး၊ တောင်ယာသခွားသီးနဲ့ ကျောက်ဖရုံသီးတို့ကိုလည်း အေးမြပြီး ခြောက်သွေ့တဲ့နေရာတွေမှာ သိမ်းဆည်းထားနိုင်ပါတယ်။ မုန်ညင်းရွက်၊ ပိန်းရွက်နဲ့ ဖရုံရွက်တို့ကိုတော့ အချဉ်တည်ခြင်း၊ အခြောက်ခံခြင်းတို့ ပြုလုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။

ဒီလိုကြိုတင်ပြုပြင်သိမ်းဆည်းထားခြင်းက အစားအစာပြတ်လပ်မှုကို လျှော့ချနိုင်ပြီး အရေးပေါ် ကာလတွေမှာလည်း စားသုံးနိုင်စေပါတယ်။ ဒါပေမဲ့ အစားအစာတွေကို ပြုပြင်သိမ်းဆည်းရာမှာ သန့်ရှင်းမှု၊ အစိုဓာတ်နဲ့ မှိုတက်ခြင်းတို့ကို အထူးဂရုပြုဖို့ လိုအပ်တယ်လို့ ဒေါက်တာစောဦးရယ်က သတိပေးပါတယ်။

စိုက်ပျိုးရေးသွင်းအားစုတွေ ကြိုတင်ပြင်ဆင်ခြင်း

ရာသီဥတုပြောင်းလဲမှုနဲ့အတူ စိုက်ပျိုးရေးသွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တာကြောင့် မျိုးစေ့၊ သဘာဝမြေဩဇာနဲ့ အခြားလိုအပ်တဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ဓာတ်မြေဩဇာနဲ့ လောင်စာဆီတွေကိုလည်း လိုအပ်ချက်နဲ့အညီ ကြိုတင်စုဆောင်းထားပြီး ဘေးကင်းလုံခြုံစွာ သီးခြားစီစနစ်တကျသိုလှောင်ထားသင့်တယ်လို့ ဒေါက်တာစောဦးရယ်က ဆိုပါတယ်။

စားနပ်ရိက္ခာဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း

စားနပ်ရိက္ခာအကျပ်အတည်း မဖြစ်ပေါ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းဟာ အချိန်၊ ငွေကြေးနဲ့ လူ့အသက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ပါတယ်။

ဒါကြောင့် တောင်သူတွေ၊ စိုက်ပျိုးရေးပညာရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စားနပ်ရိက္ခာထုတ်လုပ်မှု၊ စုဆောင်းသိုလှောင်မှုနဲ့ လက်ရှိအသုံးပြုနိုင်တဲ့ ပမာဏတွေကို ပုံမှန်စစ်ဆေးသုံးသပ်ဖို့ လိုအပ်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဖြန့်ဝေရေးအစီအစဉ်တွေကိုလည်း ပြင်ဆင်ထားသင့်တယ်လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

အယ်လ်နီညိုဟာ သဘာဝရာသီဥတုဖြစ်စဉ်တခုဖြစ်ပေမဲ့ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခြင်းက အရေးကြီးပါတယ်။ လက်ရှိရရှိထားတဲ့ သီးနှံတွေကို စနစ်တကျစုဆောင်းခြင်း၊ မျိုးစေ့နဲ့ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းခြင်း၊ အစားအစာတွေကို ရေရှည်စားသုံးနိုင်အောင် ပြုပြင်သိုလှောင်ခြင်းတို့ဟာ နောင်လာမယ့် စားနပ်ရိက္ခာဖူလုံရေးအတွက် အခြေခံကျတဲ့ ပြင်ဆင်မှုတွေဖြစ်တယ်လို့ ဒေါက်တာစောဦးရယ်က ထောက်ပြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ