ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါးပြဿနာဟာ တော်လှန်ရေးကာလအတွင်း ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တခုဖြစ်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းစီမံခန့်ခွဲပြီး တိုက်ဖျက်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါတယ်။
“နံပါတ် ၁ အချက် တော်လှန်ရေးကာလမှာ ကျနော်တို့အတွက် စိန်ခေါ်မှုအများဆုံးထဲကတော့ မူးယစ်ဆေးဝါးကိစ္စဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့် အဲဒါကို ကျနော်တို့ အတူတကွ စီမံခန့်ခွဲ၊ အတူတကွ တိုက်ဖျက်မယ်ဆိုတဲ့ ပလက်ဖောင်းဖြစ်ပါတယ်” လို့ ဦးဗညားက ပြောပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် IEC ကာကွယ်ရေးဌာန၊ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့နဲ့ ကရင်နီပြည်ရဲဌာန (KSP) တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာ ညွှန်ကြားချက်တရပ်ကို နိုဝင်ဘာ ၁၂ ရက်မှာ ပူးပေါင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ လုံခြုံရေး၊ လူမှုဘဝနဲ့ လူငယ်မျိုးဆက်တွေရဲ့ အနာဂတ် ထိခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ညွှန်ကြားချက်အရ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှုနဲ့ ဖြန့်ဖြူးရောင်းချမှုတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းသွားမှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကိုလည်း အဖွဲ့အစည်း၊ ရာထူးနဲ့ အဆင့်အတန်းမခွဲခြားဘဲ သက်ဆိုင်ရာမူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်းနဲ့ အကာအကွယ်ပေးခြင်းတွေကို တားမြစ်ထားပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ပြည်သူတွေအနေနဲ့ လျှို့ဝှက်လုံခြုံစွာ သတင်းပေးပို့နိုင်ဖို့ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
“ကျမအမြင်ပြောရမယ်ဆို မူးယစ်ဆေးတွေရဲ့ အကျိုးဆက်တွေက ကောင်းတာမရှိဘူးလေနော်။ သုံးစွဲသူကော ရောင်းချသူကော မူးယစ်ဆေးကင်းစင်တာက အကောင်းဆုံးပေါ။ တာဝန်ရှိသူတွေက နှိမ်နင်းပေးမှဆိုတာထက် လူထုတိုင်း ကလည်း မူးယစ်ဆေးနဲ့ ကင်းအောင်နေကြရင် ပိုကောင်းတာပေါ့။” ဒီးမော့ဆိုမြို့နယ်မှာနေထိုင်တဲ့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးကင်းစင်တဲ့ လူမှုအသိုင်းအဝိုင်းတရပ် တည်ဆောက်ရေးဟာ အဖွဲ့အစည်းတခုတည်းရဲ့ တာဝန်မဟုတ်ဘဲ ပြည်သူတရပ်လုံးနဲ့ သက်ဆိုင်တဲ့ စုပေါင်းတာဝန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။







