ကန္တာရဝတီတိုင်း(မ်)
ဗုဒ္ဓဘာသာဝင်တွေဟာ သီတင်းကျွတ်လပြည့်ကျော်တာနဲ့ ကထိန်ပွဲကို ကျင်းပဖို့ ပြင်ဆင်ကြပါတယ်။ အာဏာမသိမ်းခင်ကာလတွေမှာတော့ ကရင်နီပြည်က မြို့ရွာအနှံ့မှာ ကထိန်ပွဲရဲ့ ဗုံမောင်းသံတွေနဲ့ စည်ကားလို့ နေခဲ့တာပါ။
ကထိန်ပွဲဟာ ဗုဒ္စဘာသာဝင်တွေအတွက် အထွတ်အမြတ်ထား ကျင်းပတဲ့ ဘာသာရေး ပွဲတော်တခု ဖြစ်သလို နှစ်စဉ်နှစ်တိုင်း ထိန်းသိမ်းလာတဲ့ ရိုးရာအစဉ်အလာတခုလည်း ဖြစ်ပါတယ်။
ကထိန်ခင်းတာကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကနေစပြီး တန်ဆောင်မုန်း လပြည့်နေအထိ ၁ လအတွင်း ကျင်းပကြပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာကို သိမ်းယူပြီးနောက်ပိုင်းမှာတော့ စစ်ရေး ပဋိပက္ခတွေနဲ့ တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ကထိန်ပွဲ ရဲ့ အငွေ့အသက်တွေက မှေးမှိန်လာပါတယ်။
စစ်ရေး ပြင်းထန်နေတဲ့ ကရင်နီပြည်မှာတော့ ဒေသခံ ပြည်သူတွေဟာ မိမိ နေရပ် ကျေးရွာတွေကို စွန့်ခွာပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရသလို သံဃာတော်တွေဟာလည်း မိမိသီတင်းသုံး နေထိုင်ရာ ကျောင်းတော်ကြီးကို စွန့်ပြီး ထွက်ခွာကြရတာပဲ ဖြစ်ပါတယ်။
“ဦးဇင်း တပါးပဲရှိတယ်။ ဦးဇင်းမှ ပြန်မလာနေရင်တော့ တပါးမှ မရှိတော့ဘူး။ ဦးဇင်းလည်း ၃ နှစ်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်”လို့ သံယာတော် တပါးက မိန့်ကြားပါတယ်။
တချို့ ကျေးရွာတွေမှာ ဝါတွင်းကာလအတွင်း ဝါကပ် သံဃာတော်တွေ မရှိတော့တာကြောင့်လည်း ကထိန်ပွဲကျင်းပနိုင်ဖို့ အခက်အခဲရှိနေတာပါ။ ဒါ့အပြင် စစ်ရေးနဲ့ ဒေသတွင်း လုံခြုံရေးအခြေအနေတွေကြောင့် လူစုလူဝေးနဲ့ ကျင်းပကြတဲ့ ဘာသာရေး ပွဲတော်တွေကို မလုပ်နိုင်ကြတော့ပါဘူး။

“နိုင်ငံရေး ကောင်းတဲ့ အချိန်မှာတုန်းကဆိုရင် တနှစ်ကိုတခါ ပုံမှန်ကျင်းပလေ့ ရှိတယ်။ စပါးသိမ်းချိန်ပြီးတာနဲ့ ကထိန်ပွဲလာမယ်ဆိုတာ လူတိုင်းသိကြတယ်။ စပါးတွေ ထွက်ချိန်လည်း ဖြစ်သလို စပါးဝယ်သူတွေကလည်း အချိန်မရွေးဝယ်ပေးတော့ သင်္ကန်းဖိုး မရှိလည်း ထွက်လာတဲ့ စပါးသစ်တွေကို ရောင်းပြီး သင်္ကန်းကပ်ကြတယ်။ ကထိန်ပွဲက ကျမတို့ တရွာထဲ လုပ်တာ မဟုတ်ဘူး။ မြို့ပေါ်က ပိုက်ဆံ ရှိတဲ့ အလှူရှင်တွေ လာလုပ်ကူကြတယ်။ ပွဲတွေက အရမ်းကို ကြီးကျယ်စည်ကားခဲ့တယ်။ အခု ပဋိပက္ခ တွေလို အခြေအနေ မဟုတ်တော့ အလှူရှင်တွေ သွားလာကြပြီး ကထိန်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပကြတော့ အရမ်းကို စိတ်ချမ်းသာရတယ်။ အခု နိုင်ငံရေး မကောင်းတော့ ကထိန်ပွဲဆိုတာကိုတော့ မခေါ် ရက်တော့ဘူး။ မလုပ်ရဲတော့ဘူး။ လုပ်လည်း မလုပ်နိုင်တော့ဘူး ဖြစ်သွားတယ်” လို့ ကထိန်ပွဲပြုလုပ်တိုင်း တက်ကြွစွာ ပါဝင်ခဲ့ဖူးသူ ဒေသခံ အမျိုးသမီးတဦးကတော့ လက်ရှိ အခြေအနေ ကို အခုလိုပဲ ရှင်းပြပါတယ်။
ကရင်နီပြည်မှာတော့ စစ်ရေးပဋိပက္ခတွေအပြင် စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သားတွေရှိတဲ့နေရာတွေအထိ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေဟာ လုံခြုံရေးအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်နေကြတာပါ။
လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ဒရုန်းဗုံးကြဲမှုနဲ့ အသေခံဒရုန်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်နစ်နာသူ အရပ်သားတွေ ပိုမိုများလာပါတယ်။
ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမီ ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သား ၅ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။
ဒီလို စစ်ရေးပဋိပက္ခရဲ့ သက်ရောက်မှုတွေဟာ ပြည်သူတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ အသက်မွေးဝမ်းကျောင်းအပေါ်သာမက ကရင်နီပြည်ရဲ့ ဘာသာရေးနဲ့ လူမှုယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာတွေအပေါ်ပါ ရိုက်ခတ်လာနေတာပဲ ဖြစ်ပါတယ်။









