spot_img
Homeသတင်းအပင်ခြောက်သွေ့ပြီး ပိုးကျရောက်မှုကြောင့် နနွင်းအထွက်နှုန်းကျဆင်း

အပင်ခြောက်သွေ့ပြီး ပိုးကျရောက်မှုကြောင့် နနွင်းအထွက်နှုန်းကျဆင်း

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ယခုနှစ် နနွင်းစိုက်ပျိုးရာသီအတွင်း နနွင်းပင်တွေ အချိန်မတိုင်ခင် ခြောက်သွေ့တာနဲ့ ပိုးကျရောက်မှုတွေကြောင့် အထွက်နှုန်းကျဆင်းနေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

“စီးပွားရေးနဲ့လုပ်တဲ့သူတွေအတွက်ဆိုတော့ နနွင်းဥရင့်တာမျိုးဆိုလို့ရှိရင် ပိုပြီးတော့မှ အလေးချိန်စီးတယ်။ ဈေးပိုကောင်းတယ်ပေါ့နော။ နနွင်းဥမရင့်လို့ရှိရင်တော့ အလေးချိန်က မစီးတော့ ဈေးမတန်တာမျိုးတွေလည်းရှိတယ်။ တချို့မိသားစုတွေကျတော့ သူတို့က တဖက်တလမ်း ဝင်ငွေရအောင်ဆိုပြီးတော့မှ စိုက်ထားတဲ့ဟာမျိုးတွေရှိတယ်။ ဒီလိုမျိုးအခြေအနေမှာ ဒီလိုမျိုး ပိုးကျတာမျိုးဖြစ်တော့ ရင်းနှီးထားသလောက် ပြန်ပြီးတော့မှ အရင်းမရတဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့နော” လို့ ခါးဘယ်ကျေးရွာမှာ နေထိုင်တဲ့ နနွင်းစိုက်တောင်သူတဦးက ပြောပါတယ်။

နနွင်းစိုက်ပျိုးသူအများစုက အလားတူပြဿနာတွေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ နနွင်းဥတွေ ကြီးထွားဖွံ့ဖြိုးရမယ့်အချိန်မှာ အပင်တွေ အချိန်မတိုင်ခင် ခြောက်သွေ့သေဆုံးတာနဲ့ ပိုးကျ ဖျက်ဆီးခံရမှုတွေကြောင့် တူးဖော်ချိန်မှာ နနွင်းဥသေးငယ်တာ၊ ဥမအောင်တာနဲ့ ပုပ်ပွပျက်စီးတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ပိုးကျတာလည်းရှိတယ်ပေါ့နော။ သူများဟာတွေလည်း ဖြစ်တယ်။ သူ့ဟာက အပူလောင်တယ်ပြောရမှာပေါ့နော်။ အချိန်မတန်သေးတာ အရင်ခြောက်သွားတယ်၊ အပင်တွေလှဲကုန်တယ်။ အပင်က အရွက်တွေမရှိတော့ဘူး အဲ့လိုဖြစ်နေတာပေါ့နော်” လို့ ဟူဘောမြို့နယ်မှာ နေထိုင်တဲ့ နနွင်းစိုက်တောင်သူတဦးက ပြောပါတယ်။

လက်ရှိမှာ စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ မြင့်တက်နေချိန် နနွင်းအထွက်နှုန်းပါ ကျဆင်းလာတာကြောင့် စီးပွားဖြစ်စိုက်ပျိုးသူတွေဟာ ရင်းနှီးထားတဲ့ အရင်းအနှီး ပြန်မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နနွင်းစိုက်ပျိုးမှုကနေ ရရှိလာမယ့် ဝင်ငွေကို အဓိကအားထားနေရတဲ့ တောင်သူမိသားစုတွေအတွက်လည်း မိသားစုစားဝတ်နေရေးပါ ထိခိုက်မှုရှိလာနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ ဒေသတွင်းဈေးကွက်အရ နနွင်းတပိဿာကို ကျပ် ၁၇,၀၀၀ ပေါက်ဈေးရှိခဲ့ပြီး ယခုနှစ် ဈေးနှုန်းကိုတော့ မသိရှိရသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ