spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းတနေရာကို အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်၊ ဘုရားကျောင်းထိမှန်ပျက်စီး

ဒီးမော့ဆိုအနောက်ခြမ်းတနေရာကို အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်၊ ဘုရားကျောင်းထိမှန်ပျက်စီး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာကို ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကက်သလစ် ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိပေမယ့် ဒရုန်းနှစ်စီးလုံး ဘုရားကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခေါင်မိုး၊ ပြတင်းပေါက်မှန်တွေ ထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“၁၁ ခွဲ၊ ၁၂ လောက်ကျမယ် လာကြဲတာ။ စစ်ရှောင်စခန်းကနေ ကြည့်လာတာ၊ ကြဲလာတော့ ဘယ်နားကျတယ် မသိသေးဘူး။ နောက်မှ ဘုရားကျောင်းမှာ ကျမှန်းသိတာ။ နှစ်စီးလာတယ်။ နှစ်စီးလုံးကျတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားတာမရှိသလို တိုက်ခိုက်ခံရတဲ့နေရာမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ မရှိဘူးလို့ မြေပြင်တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

“လက်ရှိ မြေပြင်မှာတော့ မြေပြင်တိုက်ပွဲ မရှိဘူး။ အခုကြဲတဲ့နေရာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ မရှိပါဘူး” လို့ သူက ပြောပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီ ပြုစုထားတဲ့စာရင်းတွေအရ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက အရပ်သားတွေ နေထိုင်ရာနေရာတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်နေတာကြောင့်လည်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ခုနှစ် အောက်တိုဘာလ ( ၃၁ ) ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသမှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ (၆၇) လုံး ပျက်စီးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ