spot_img
Homeသတင်းဒီးမော့ဆိုမှာ ကြက်သွန်နီတပိဿာ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်

ဒီးမော့ဆိုမှာ ကြက်သွန်နီတပိဿာ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အခြေခံစားသောက်ကုန်တမျိုးဖြစ်တဲ့ ကြက်သွန်နီတပိဿာကို ကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ ဈေးရောင်းချသူတွေက ပြောပါတယ်။

ယခင်က ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၂,၀၀၀ ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လာတာဖြစ်ပါတယ်။

“အခု လက်ဟောင်းဈေးက ၁၀ ပိဿာတအိတ်ကို ၁၉၀,၀၀၀ နဲ့ ရောင်းနေသေးတယ်။ တပိဿာဈေးကတော့ ၂၀,၀၀၀ ပေါ့နော။ အသစ်တွေရောက်လာရင် နှစ်သောင်းခွဲ၊ ၂၆,၅၀၀ လောက်အထိ ဈေးတက်လာနိုင်တယ်။ တောင်ငူမှာ တအိတ် ၂၅၀,၀၀၀ ရှိနေပြီပြောတယ်” လို့ စားသောက်ကုန် အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စီးပွားဖြစ် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်နိုင်မှု မရှိတာကြောင့် ပြည်နယ်ပြင်ပကနေ တင်သွင်းနေရပြီး လမ်းခရီးအတွင်း ဂိတ်ကြေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ခတွေကြောင့် ဈေးနှုန်းမြင့်တက်လာတာလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် အခုနှစ် စိုက်ပျိုးထားတဲ့ ကြက်သွန်နီခင်းတွေမှာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပျက်စီးမှုတွေရှိခဲ့တယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ကြက်သွန်နီဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာတာဖြစ်ပြီး ထပ်မံမြင့်တက်နိုင်တယ်လို့ ဈေးရောင်းချသူတွေက ခန့်မှန်းထားပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေ အဓိကကုန်စည်ဝယ်ယူတင်သွင်းနေရတဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာတော့ ကုန်စိမ်းဆိုင်တချို့မှာ ကြက်သွန်နီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ကြက်သွန်နီက ကုန်နေတယ်၊ ဝယ်ရခက်နေတာ။ ဆိုင်တွေမှာ သွားမေးကြည့်တော့ ဈေးတအားတက်နေတော့ ဝယ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုပြီး ပြောနေကြတယ်။ နောက်တဆိုင်မေးတော့ ဒီရက်ပဲ မှာထားတာရှိတယ်တဲ့။ ဈေးတော့ ပိုတက်မယ်လို့ ပြောတယ်။ ဟိုမှာ သွားယူရတဲ့ဆိုင်တွေမှာကတည်းက ဈေးတွေတက်နေတာတဲ့” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကြက်သွန်နီတပိဿာဈေးနှုန်း ကျပ် ၁၈,၀၀၀ ကနေ ၂၂,၀၀၀၊ ၂၈,၀၀၀ အထိ မြင့်တက်လာတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကြက်သွန်နီဈေးနှုန်း ရက်ပိုင်းအတွင်း အဆမတန်မြင့်တက်လာတာဟာ စိုက်ပျိုးရာသီကုန်ဆုံးချိန်မှာ ကုန်သည်တွေက သိုလှောင်ထားတဲ့ ကြက်သွန်နီတွေကို ဈေးတင်ရောင်းချတာကြောင့်ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

တဖက်မှာလည်း စိုက်ပျိုးရေးသွင်းအားစုနဲ့ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာတာ၊ ရိတ်သိမ်းချိန်မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ကြက်သွန်နီအထွက်နှုန်း လျော့နည်းလာတာတွေကလည်း ဈေးနှုန်းမြင့်တက်မှုအပေါ် သက်ရောက်မှုရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ