ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသနဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနောက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တရက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့အနောက်ခြမ်းက ကျေးရွာတရွာကို ဒီနေ့ နေ့လည် ၁၂ နာရီကျော်မှာ နောက်တနေ့ကျင်းပမယ့် မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေကြချိန် အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အရပ်သား ၂၀ ဝန်းကျင် သေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ထိခိုက်သေဆုံးသူစာရင်းကို အတည်ပြုနိုင်ဖို့ ကန္တာရဝတီတိုင်း ( မ် ) က ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီနေ့ ၁၂ နာရီခွဲလောက်မှာ လေယာဉ်လာကြဲသွားတာ ၂ ခါထက်မနည်းဘူး။ ပေါင် ၅၀၀နဲ့ကော ပွိုင့် 5 လား၊ ပွိုင့် 8 လားတော့ မသိဘူး။ အဲ့ဒါနဲ့လည်း ဆက်တိုက်ပစ်တယ်။ အထိခိုက်ကတော့ အတော်များတယ်။ ဖြစ်ချင်တော့ မနက်ဖြန်မှာ မင်္ဂလာဆောင်ပွဲရှိတာ။ အဲ့ဒီအတွက် ပြင်ဆင်နေကြတာပေါ့” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့လည်း သူက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် မိုးဗြဲမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေရှိရာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အလားတူ ဒီနေ့ ညနေ ၃ နာရီကျော်မှာ ဖားဆောင်းမြို့နယ် မော်ချီးဒေသတနေရာကိုလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“ဒီညနေ ၃ နာရီကျော်က ဂျက်ဖိုက်တာ အစိမ်းရောင်တစီးလာတယ်။ မကြဲခင် မော်ချီးတဂွင်ကို ပတ်ဝဲသေးတယ်။ ဝဲပြီးမှ ထိုးဆင်းလာပြီး တခါတည်းကြဲသွားတာ။ ပွိုင့် 8 နဲ့ သုံး၊ လေးချက်ပါ ပစ်သွားသေးတယ်။ လူထိခိုက်မှုတော့ မသိရဘူး” လို့ သူက ပြောပါတယ်။
မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လတ်တလော ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါ လေကြောင်း၊ ဒရုန်းအန္တရာယ်သတိပြုကြဖို့နဲ့ လူစုလူဝေးပြုလုပ်တာတွေကို ရှောင်ကြဉ်ကြဖို့ ဒေသခံတွေအချင်းချင်းကြား တိုက်တွန်းနိုးဆော်မှုတွေ ရှိနေပါတယ်။
ယခုနိုဝင်ဘာလအတွင်း လူစုလူဝေးရှိတဲ့ ပွဲလမ်းသဘင်နေရာတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံ၊ အများပြည်သူသွားလာအသုံးပြုတဲ့ လမ်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။








