spot_img
Homeသတင်းမိုးဗြဲ၊ လကျီလုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်အပါဝင် သေဆုံးသူ ၂၀ ကျော်နဲ့ ဒဏ်ရာရသူ ၆၀ ကျော်ရှိလာ

မိုးဗြဲ၊ လကျီလုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်အပါဝင် သေဆုံးသူ ၂၀ ကျော်နဲ့ ဒဏ်ရာရသူ ၆၀ ကျော်ရှိလာ

-

ကန္တာရ၀တီတိုင်း (မ်)

ရှမ်း၊ ကရင်နီနယ်စပ် မိုးဗြဲမြို့ရှိ လကျီလုံကျေးရွာက စာသင်ကျောင်းမှာ မင်္ဂလာဆောင်ပွဲပြင်ဆင်နေချိန် အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါဝင် သေဆုံးသူ ၂၀ ကျော်နဲ့ ဒဏ်ရာရသူဦးရေ ၆၀ ကျော်ရှိလာတယ် လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ နို၀င်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲ တိုက်ခိုက်မှုမှာ ဒဏ်ရာရသူထဲ ပညာရေး၀န်ထမ်း ကျောင်းဆရာမတဦးပါ၀င်ပြီး အရပ်သားပြည်သူတွေထဲ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိနေပါတယ်။ သေဆုံးသူတွေက KG ကျောင်းသား ၁ ဦး၊ Grade 1 ကျောင်းသား ၁ ဦး နဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတာဖြစ်လို့ ထိခိုက်သေဆုံးသူ စာရင်းကို ထပ်မံအတည်ပြုဖို့ကြိုးပမ်းလျက်ရှိနေတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေလည်း ဆေးကုသမှုခံယူနေကြတယ်လို့ စုံစမ်းသိရပါတယ်။

ယမန်နေ့ နို၀င်ဘာလ ၂၈ ရက်နေ့က စာသင်ကျောင်းဝန်းအတွင်း မင်္ဂလာပွဲအခမ်းအနား ကျင်းပနေကြစဥ် အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၅ ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ IEC က ပြောပါတယ်။

အခုလို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL ) နဲ့ ဂျီနီဗာ ကွန်ဗန်းရှင်း ပါ ပြဠာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လိုက်တဲ့ စစ်ရာဇ၀တ်မှု တရပ်ဖြစ်ကြောင်းလည်း IEC က သဘောထားထုတ်ပြန်ပါတယ်။

အရပ်သားပြည်သူအပေါ် နေ့စဉ်နဲ့အမျှ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝန်း နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ရှုတ်ချရုံသာမက ထိရောက်ပြီး ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံး ချမှတ်လုပ်ဆောင်ကြဖို့လည်း အလေးနက် တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ