spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၁ )

Author

Date

Category

ကျော်ထင်အောင် ရေးသားသည်။

စာရေးသူ အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားမည်ဖြစ်ကြောင်း စကားပလ္လင်ခံလိုပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ခြင်း

ကယားပြည်နယ် တပြည်နယ်လုံးတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ပိုင်ခွင့်ရှိသည့် လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာ ရှိပါသည်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာတို့ ဖြစ်သည်။

ကယားပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာမှာ ကယားပြည်နယ်ရှိ မြို့နယ် ( ၇ ) မြို့နယ်မှ တစ်မြို့နယ်လျှင် ( ၂ ) ဦး ကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ( ၁၄ ) ဦးနှင့် ကယားပြည်နယ်တွင် နိုင်ငံ့ လူဦးရေ စုစုပေါင်း၏ ( ဝ.၁ ) ရာခိုင်နှုန်းနှင့် အထက်ရှိ လူမျိုး ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ( ၁ ) ဦး တို့ ဖြစ်သည်။

ကယားပြည်နယ်လွှတ်တော်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၎င်း ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် ၇၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဥပဒေနှင့်အညီ တင်သွင်းသည့် တပ်မတော်သား ၂၅ရာခိုင်နှုန်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၅ ) ဦး ၊ စုစုပေါင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၂၀ ) ဦးဖြင့် ဖွဲ့စည်းထားသည်။ ( မှတ်ချက် > လက်ရှိအချိန်အထိ ကယားပြည်နယ်လွှတ်တော် သက်တမ်း နှစ်ကြိမ်စလုံးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီး တစ်ဦးမျှ မပါသေးပါ။ )

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ အဆိုပါ မဲဆန္ဒနယ် ( ၃၄ ) နေရာကို ပါတီပေါင်း (၁၁) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၂၀၅ ) ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ( ၂၀ ) ဦး၊ စုစုပေါင်း ( ၂၂၅ ) ဦး တို့ ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသား ( ၂၀၂ ) ဦး နှင့် အမျိုးသမီး ( ၂၃ ) ဦး တို့ဖြစ်ရာ အမျိုးသမီး ပါဝင် ယှဉ်ပြိုင်နိုင်မှုမှာ ( ၁၀ ) ရာခိုင်နှုန်းကျော်ရုံသာ ရှိသည် ကိုလည်း တွေ့ရပါသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၂) နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇၄) ဦး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၄၅ ) ဦးနှင့် ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၇ ) ဦး အပါအဝင် ကယားပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁၅) နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀၆) ဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

မြို့နယ်အလိုက် ကြည့်မည်ဆိုလျှင် လွိုင်ကော်မြို့နယ် (၄၂) ဦး၊ ဒီးမော့ဆိုမြို့နယ် (၃၉) ဦး၊ ဖရူဆိုမြို့နယ် (၂၈) ဦး၊ ရှားတောမြို့နယ် (၂၄) ဦး၊ ဘောလခဲမြို့နယ် (၃၀) ဦး၊ ဖားဆောင်းမြို့နယ် (၂၇) ဦးနှင့် မယ်စဲ့မြို့နယ် (၂၈) ဦးတို့ဖြစ်ပြီး တပြည်နယ်လုံး ယှဉ်ပြိုင်ရသည့် ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၇ ) ဦးတို့ဖြစ်သည်။

မဲဆန္ဒနယ် တစ်နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အနည်းဆုံး ( ၄ ) ဦးမှ အများဆုံး ( ၁၁ ) ဦး အထိ ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။ ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီပေါင်း (၁၁) ပါတီကို လေ့လာရာ အနည်းဆုံး ( ၁ ) နေရာမှ အများဆုံး ( ၃၄ ) နေရာ အထိ ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။

လွှတ်တော် မဲဆန္ဒနယ် ( ၃၄ ) နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) မှ ( ၂၆ ) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ( ၇ ) နေရာနှင့် တစ်သီးပုဂ္ဂလ ( ၁ ) နေရာတို့ အနိုင်ရရှိခဲ့ပါသည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှာ အမျိုးသား (၂၈) ဦးနှင့် အမျိုးသမီး ( ၆ ) ဦးတို့ဖြစ်ရာ ( ၃၄ ) နေရာတွင် အမျိုးသမီး အနိုင်ရရှိမှု ( ၁၇ ) ရာခိုင်နှုန်းကျော်သာ ရှိပါသည်။

အမျိုးသမီး ( ၂၃ ) ဦး ပါဝင်ယှဉ်ပြိုင်မှုတွင် ( ၆ ) ဦး အနိုင်ရရှိမှုကြောင့် ( ၂၆ ) ရာခိုင်နှုန်းရှိ၍ မဆိုးဟု ဆိုနိုင်သော်လည်း ၂၀၂၀ခုနှစ် ရွေးကောက်ပွဲအတွက် အရည်အချင်းရှိသော အမျိုးသမီးများကို နေရာပေးမှုနှင့် အနိုင်ရရှိစေရန် ကူညီဝန်းရံမှုတို့ များစွာလိုအပ်လိမ့်မည်ဟု ရှုမြင်ပါသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော်၌ NLD မှ ( ၁၁ ) ဦး ၊ USDP မှ ( ၄ ) ဦး အနိုင်ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်ထဲတွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ ) မှ NLD လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်ခဲ့၍ တစ်နေရာ လစ်လပ်သွားခဲ့ရပေသည်။

၂၀၁၇ ခုနှစ် ၊ ဧပြီလ ( ၁ ) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော် လစ်လပ်တစ်နေရာကို လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ( ကယားပြည်နယ် ) ANDP ( ယခု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ) က ကိုယ်စားလှယ် အနိုင်ရလိုက်သောကြောင့် လက်ရှိ ကယားပြည်နယ်လွှတ်တော်တွင် NLD မှ ( ၁၀ ) ဦး ၊ USDP မှ ( ၄ ) ဦး ၊ KySDP မှ ( ၁ ) ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ( ၅ ) ဦး ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရပေမည်။

ကယားပြည်နယ်လွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်ဦးရေ နည်းရသည့်အထဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ( ၆ ) ဦးမှာ ကယားပြည်နယ်အစိုးရအဖွဲ့တွင် ပူးတွဲ တာဝန်ထမ်းဆောင် ကြသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် တာဝန်များ လစ်ဟင်းကာ အလုပ်သိပ်မဖြစ်သည်ကို တွေ့ရပါသည်။

လက်ရှိ သတ်မှတ်ချက်များ အတိုင်းနှင့်သာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပပါက ကယားပြည်နယ်လွှတ်တော် အားကောင်းရေးအတွက် ပြည်နယ်ချစ်စိတ်ရှိသော အရည်အချင်းရှိသည့် လွှတ်တော် ကိုယ်စားလှယ်များကို မှန်ကန်စွာ ရွေးချယ် မဲပေးကြရန် အလွန် အရေးကြီးလှပေသည်။

spot_img
spot_img

Recent posts