spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

CDMမှာ ပါဝင်လို့ဆိုပြီး တာဝန်မှ ရပ်ဆိုင်းခံရတဲ့ ထွေအုပ်ဝန်ထမ်း ၅၉ ဦးအထိရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ်မှာ Civil Disobedience Movement (CDM) ပါဝင်လို့ဆိုပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅၉ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်းသိရပါတယ်။

အခုလို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တဲ့အထဲမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်အထွေ ထွေအုပ်ချုပ်ရေးစီဦးဌာနမှ ဝန်ထမ်း ၄၅ ဦးနဲ့ ဖရူဆိုမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

တာဝန်မှ ရပ်စဲခံလိုက်ရတဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက “လက်ရှိအနေ အထားအရ ကျနော်တို့ကို တာဝန်မှ ယာယီရပ်စဲလိုက်ပြီဆိုတော့လဲ အဲ့ဒါတော့ ကျနော်တို့အနေနဲ့ဆို ဒီအတိုင်းပဲပေ့ါ။ CDM ကိုပဲ အဆုံးထိပေါ့။ ပြည်သူက တင်မြောက်ထားတဲ့ ပြည်သူ့အစိုးရတက်လာမှပဲ ကျနော်တို့ ရုံးပြန်တက်မယ်ပေါ့။ သူတို့ တာဝန်မှ ယာယီရပ်စဲလိုက်တဲ့အပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။”လို့ ဆိုပါတယ်။

လွိုင်ကော်၊ ပြည်နယ်ထွေအုပ်ဝန်ထမ်း ၄၀ ဦးကိုတော့ တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း အကြောင်းကြား စာပေးပို့ထားပြီး နောက်ထပ် ၅ ဦးကို အကြောင်းကြားစာ မပေးပို့ပေမယ့် ရုံးက ဖုန်းနဲ့ အသိပေးအကြောင်း ကြားထားလို့ တာဝန်မှ ရပ်ဆိုင်းလိုက်ပြီဆိုတာကို သိနေရပြီလို့ ဆိုပါတယ်။

အဆိုပါ ထွေအုပ်ဝန်ထမ်းတွေကို ပေးပို့လာတဲ့ အကြောင်းကြားစာမှာတော့ CDM ပါဝင်တာနဲ့ ရုံးတက်ရောက်ရန်အကြောင်းမဲ့ပျက်ကွက်လို့ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်၂၆၊ ပုဒ်မခွဲ (က)၊ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၆၁ (ဃ)နဲ့ ၁၆၃ (ဖ)တို့အား ဖောက်ဖျက်ကျူးလွန်သဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတာဝန်မှယာယီရပ်ဆိုင်းခံလိုက်ရတဲ့ ဝန်ထမ်းတွေထဲမှာ ဌာနခွဲစာရေး၊ စာရင်းကိုင်၊ အကြီးတန်းစာရေး၊ အငယ် တန်းစာရေး၊ အငယ်တန်းလက်နှိပ်စက်၊ ဒု-လ/ထ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အမှုတွဲခန်း (အငယ်တန်း စာရေး)၊ အငယ်တန်းစာရေး(ရပ်/ကျေး)၊ ရုံးအကူ၊ ယာဉ်မောင်း၊ စာပို့နဲ့ သန့်ရှင်းရေးအထိ ရာထူး/တာဝန် အဆင့်ဆင့်ပါဝင်ပါတယ်။

ကယားတစ်ပြည်နယ်လုံးမှာ ထွေအုပ်ဝန်ထမ်းဦးရေ ၅၀၀ ကျော်ရှိတဲ့အနက် ဝန်ထမ်း ၁၀၀ ကျော်က CDM မှာ ပါဝင်နေပြီး ၅၉ ဦး အခုလို တာဝန်မှ ယာယီရပ်ဆိုင်းခံရတာဖြစ်ပါတယ်။

Recent posts