spot_img
Homeဆောင်းပါးခေတ်ပျက်မှာ မပျက်ကွက်ခဲ့တဲ့ မိရိုးဖလာ ရိုးရာ တံခွန်တိုင်ပွဲ

ခေတ်ပျက်မှာ မပျက်ကွက်ခဲ့တဲ့ မိရိုးဖလာ ရိုးရာ တံခွန်တိုင်ပွဲ

-

ကန္တာရဝတီတိုင်း (မ်)

မနက်နေစထွက်လာတာနဲ့ ဗုံ၊မောင်း အချက်ပေးသံတွေနဲ့ အတူ ရပ်ရွာထဲက ကာလသား လူငယ် အမျိုးသားတွေ၊ ကလေး၊လူကြီး အရွယ်စုံစုံလင်လင် ဟာ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ စုဝေးရောက်လာကြပါတယ်။

သူတို့ ဟာ ကယန်းယင်းဘော် မျိုးနွယ်စုတွေဖြစ်ကြပြီး မိရိုးဖလာ ရိုးရာပွဲတစ်ခုဖြစ်တဲ့ တံခွန်တိုင်ပွဲကို ကျင်းပနိုင်ဖို့ အဓိကလိုအပ်တဲ့ တံခွန်တိုင်တော်ကို သွားရောက်ခုတ်ယူဖို့ စုရုံးနေကြတာပဲဖြစ်ပါတယ်။

တံခွန်တိုင်ခုတ်တဲ့ အခါမှာလဲ သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိပါတယ်။ တံခွန်တိုင်တော်အဖြစ် သုံးဖို့ အပင်ကို ခုတ်ရာမှာ သပြေပင်၊ ကျွန်းပင် ဒါမှမဟုတ် အင်ပင် ကို အသုံးပြုရပါတယ်။ တံခွန်တိုင်အဖြစ် အသုံးပြုမယ့် အပင်ဟာ ဖြောင့်စင်းနေရမှာဖြစ်ပြီး ပင်စည်းမှာ နှစ်ခွ၊ သုံးခွဖြစ်နေတာ ဒါမှမဟုတ် အတွင်းပိုင်းမှာ အခေါင်းပေါက်ဖြစ်နေတာ၊ အနာအဆာရှိနေတာတွေကို အသုံးပြုလို့မရပါဘူး။ ဒါတင်မကပါဘူး အပင်ကို နွယ်ပင်တစ်ခုခုက ရစ်ပတ်ထားရင်လည်း ခုတ်လို့မရပါဘူး။ နွယ်ပင်ရစ်ပတ်နေတဲ့ အပင်ကို မဖြစ်မနေခုတ်ရမယ်ဆိုရင် သုံးလေးရက်ခန့် ထပ်မံ စောင့်ဆိုင်ပြီးမှသာ ခုတ်လို့ ရတာဖြစ်ပါတယ်။

တံခွန်တိုင်အဖြစ်အသုံးပြုမယ့် အပင်ကို မခုတ်ခင် တပတ်အလိုကတည်းက သွားရောက်ကြည့်ရှု လေ့လာထားရပါတယ်။

အပင်ကို မခုတ်လှဲခင်မှာတော့ ကြက်ရိုးထိုးဗေဒင်မေးကြရပြီး ကြက်ရိုးရဲ့ အဖြေအရ ကောင်းမွန်တဲ့ အဖြေထွက်မှသာ အပင်ကို ခုတ်ကြရတာဖြစ်ပါတယ်။ ကြက်ရိုးရဲ့ အဖြေမကောင်းရင်တော့ တခြားအပင်တွေကို ရွေးချယ်ပြီး ကြက်ရိုးထိုးပြီး အဖြေကောင်းထွက်မှသာ ခုတ်ယူကြတာပါ၊ အပင်ကိုရွေးချယ်နေရင်းနဲ့ ယူလာတဲ့ ကြက်တွေကုန်သွားလို့ အပင်ကောင်းမတွေ့ခဲ့ရင်တော့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ဒုတ်ချိုး၊ နှီးချိုး ဗေဒင်မေးခြင်းဖြင့် ထပ်မံရှာဖွေရွေးချယ်ကြရပါတယ်။

တံခွန်တိုင် တိုင်တော်ကို ခုတ်ယူနေစဉ်မှာ စည်းကမ်းချက်တွေလည်းရှိနေပါတယ်။
ခုတ်နေစဥ်အတွင်းမှာ ဖိနပ်စီးပြီး တံခွန်တိုင်ကို ခွကျော်တာမျိုးကို လုပ်လို့မရသလို တံခွန်တိုင် သွားရောက်ခုတ်တဲ့ ချိန်မှာလဲ အမျိုးသမီးတွေ လိုက်ပါသွား လို့မရပါဘူး။

“လာခုတ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ရဲ့ မိရိုးဖလာပွဲလဲဖြစ်တယ်။ အဓိကကတော့ မိုးလေဝသမှန်ကန်ဖို့ တိုင်ပြည်အေးချမ်းသာယာဖို့ ပြီးတော့ စားဝတ်နေ‌ရေးတွေ အနာဘယ တွေကင်းဝေးစေဖို့ တံခွန်တိုင် ခုတ်ရခြင်းဖြစ်တာပေါ့နော်။ အမျိုးသမီးတွေ လိုက်လာလို့မရဘူး ဆိုတာက တချို့ အမျိုးသမီးတွေက တံခွန်တိုင်ခုတ်တာဖြစ်ဖြစ် တံခွန်တိုင် ကတာဖြစ်ဖြစ် ကျနော်တို့ ခွင့်ပြုထားလို့မရတာက အမျိုးသမီးနဲ့ ယောက်ကျားနဲ့က ခွဲခြားတာတော့ မဟုတ်ဘူးပေါ့။ တချို့ အမျိုးသမီးတွေက အမျိုးသမီး ကျန်းမာရေးကရှိနေတော့ လုံးဝမသင့်တော်တဲ့ အနေထားမှာ ရှိလို့ အမျိုးသမီး တွေကိုခေါ်ဆောင်လာခြင်း ကန့်သတ်ထားတာဖြစ်တယ်” လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

တံခွန်တိုင်ခုတ်ပြီးရင်တော့ ခုတ်တဲ့နေရာမှာတင် အပင်ရဲ့ အခွံတွေကို ခွာချတာ၊ သန့်ရှင်းရေးလုပ်တာတွေ ကို လုပ်ကြပါတယ်။ ပြီးရင်တော့ ပွဲတော်လုပ်မယ့် ရွာရဲ့ တံခွန်တိုင်ဝန်းအထိ လူအင်အားနဲ့သာ သယ်ဆောင်လာကြရပါတယ်။

တံခွန်တိုင်ပွဲရဲ့ ပွဲကြီးရက် မတိုင်မီမှာတော့ တရွာနဲ့ တစ်ရွာ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲတွေ ကျင်းပတာ၊ ကြက်ရိုးထိုးတာ၊ နှီးချိုးတာ စတဲ့ ရိုးရာနဲ့ ပါတ်သက်တာတွေကို ပြုလုပ်ကြပါတယ်။ ညပိုင်းမှာတော့ ရိုးရာ အကပဒေသာ ပြိုင်ပွဲတွေလဲ ပြုလုပ်ကြပါတယ်။

“ပွဲတော်က အာဏာမသိမ်းခင်တုန်းကဆို ကျနော်တို့ ဒီပွဲတော့ဖြစ်မြောက်ဖို့ ကျနော်တို့စီမံချက်တွေ ရေးဆွဲကြတယ်။ ကဏ္ဠအလိုက် တာဝန်တွေခွဲပေးကြတယ်။ ဂါရဝပြုဖြစ်ဖြစ် ညအက ပဒေသာဖြစ်ဖြစ် လူငယ် ရဲ့ အခွင့်အရေး အားကစားပြိုင်ပွဲဖြစ်ဖြစ်၊ မော်ဒယ်လျှောက်ပြိုင်ပွဲ စတဲ့ အခန်းကဏ္ဍ တွေ၊ ကျနော်တို့ ကရင်နီပြည်မှာရှိတဲ့ ဌာနေတိုင်းရင်းသားအားလုံးရဲ့ ဝတ်စားဆင်ယဥ်မှုတွေ၊ နှီးနှော ဖလှယ်ပွဲလေးတွေ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ ထုတ်ဖော်ပြခွင့်ရှိသလို ပြခန်းလေးတွေဆောက်လုပ်ပြသ ထားတာလဲ ရှိတယ်။ သက်ဆိုင်ရာငှာန အသီးသီးကလဲ ကျနော်တို့ တံခွန်တိုင်ကို လာ‌ရောက်အားပေး ကူညီတာရှိခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာဆို ဒီလိုအနေအထားမျိုးမဖြစ်နိုင်တော့ဘူးပေါ့။ ကျနော်တို့ ခိုးကြောင်ခိုးဝှက် နဲ့ပဲ တိုးတိုးတိတ်တိတ် နဲ့ ပဲ ကျနော်တို့ကျင်းပကြရတယ်” လို့ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် တံခွန်တိုင်ပွဲ ကျင်းပရတာကွာခြားသွားပုံကို ပွဲဖြစ်မြောက်ရေး နာယက က ပြောပြပါတယ်။

တံခွန်တိုင်ပွဲကြီး ရက်မှာ တော့ ရပ်နီး၊ရပ်ဝေး ဧည်သည်တွေက တံခွန်တိုင်ဝန်းထဲမှာ တံခွန်တိုင်တော်ကို ကို ဝိုင်းပတ်ကခုန်တာ ဗုံ၊ မောင်း၊ ပလွေ၊ စတဲ့ တူရိယာတွေကို တီးမှုတ်ပြီး ဂါရဝပြု ကပြကြပါတယ်။

တံခွန်တိုင်ကို ဝိုင်းပတ် ဂါရဝပြုတဲ့ အခါမှာတော့ အမျိုးသမီးတွေကို တားမြစ်ပိတ်ပင်ထားကြပါတယ်။ အဲ့လိုတာမြစ်ပိတ်ပင် ထားတဲ့အပေါ် အမျိုးသမီးတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို ယင်းဘော်လူမျိုးစုရဲ့ အမျိုးသမီး ခေါင်းဆောင် ဒေါ်ပရက် က ခုလို ပြောပါတယ်။

“ကျမတို့ အနေနဲ့ တော့ ခွဲခြားဆက်ဆံ တယ်လို့ မခံစားဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဝင်ရောက်ကပြ ဂါရဝပြုကြတဲ့ အမျိုးသားတွေကို ကျမတို့က လာတဲ့လူတွေ အကုန်လုံးအေးချမ်းပါစေဆိုပြီး ရေမွှေး အမွှေးနံသာ လေးနဲ့ ပက်ဖြန်းရတာပေါ့နော။ ပျော်ရွင်မိပါတယ်။ ဝမ်းသာမိပါတယ်။ အဲ့လို ပါဝင်ခွင့် ရလို့” လို့ ဆိုပါတယ်။

တံခွန်တိုင်ပွဲကို ကရင်နီပြည်မှာ နေထိုင်ကြတဲ့ ကယန်း၊ ကယား ၊ ယင်းတလဲ စတဲ့ မျိုးနွယ်စုတွေက ကျင်းပကြပြီး နေရာဒေသနဲ့ လူမျိုးစု အလိုက် အနည်းငယ်ကွာခြားမှုတွေရှိကြပါတယ်။

စစ်အာဏာမသိမ်းခင်က စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ကြတဲ့ မိရိုးဖလာ ရိုးရာတံခွန်တိုင်ပွဲကြီးတွေ ယခုချိန်မှာတော့ ခိုးကြောင်ခိုးဝှက် တိုးတိုးတိတ်တိတ်နဲ့ အကျဉ်းချုပ်သာကျင်းပရတဲ့ မိရိုးဖလာတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။

မိမိရွာရဲ့ မိရိုးဖလာ ရိုရာတံခွန်တိုင်ပွဲ ကိုတောင် လူစည်စည်ကားကားနဲ့ ပြောပြကျင်းပရမှာ စိုးရိမ်လာကြပါပြီး။ ဒါပေမဲ့ ဌာနေတိုင်းရင်းသားတွေဟာ ယခုလိုစိုးရိမ်မှုကြားက စနစ်ဆိုး ခတ်ဆိုးကြားကပဲ မရရတဲ့နည်းနဲ့ မရှိရှိတဲ့ လူနဲ့ သူတို့ အစဉ်ဆက်ထိန်းသိမ်းလာတဲ့ မိရိုးဖလာ တံခွန်တိုင်ပွဲကြီးကို ဆက်လက်ကျင်းပ သွားကြအုံးမှာဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ