ကန္တာရဝတီတိုင်း (မ်)
၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ရောက်လာပြီဖြစ်ပေမယ့် ကရင်နီပြည်က စာသင်ကျောင်းအများစုမှာ စာသင်ဆောင် ၊ ဖတ်စာအုပ် နဲ့ စာရေးကိရိယာ လိုအပ်ချက်တွေ များနေတယ်လို့ ကျောင်းတာဝန်ခံတွေက ပြောပါတယ်။
ဖရူဆို၊ ဒီးမော့ဆို အနောက်ခြမ်း၊ မိုးဗြဲအနောက်ခြမ်း စတဲ့မြို့နယ်အသီးသီးက စစ်ဘေးရှောင် စာသင်ကျောင်းတချို့မှာ လိုအပ်ချက်တွေ များပြားနေတာပါ။
“ကျမတို့ကျောင်းမှာ ဗလာစာအုပ်တွေ ၊ခဲတံတွေ၊ ဖတ်စာအုပ်တွေက အရမ်းခက်ခဲတယ်။ ဘယ်လိုခက်ခဲလဲဆိုရင် ကျမတို့က စစ်ဘေးရှောင်လာတာလဲကြာပြီပေါ့။အခု ဒီကျောင်းက ကျောင်းသူ ကျောင်းသားတွေ အများအားဖြင့်က ကိုယ့်ဒေသကိုယ့်ရပ်ရွာကို မပြန်နိုင်သေးတဲ့ လူတွေပဲဖြစ်တဲ့အတွက်ကြောင့် အရမ်းကိုခက်ခဲမှုရှိတယ်။ မိဘတွေ လဲ စားဝတ်နေရေး အဆင်မပြေကြဘူး။ ဖတ်စာအုပ်တွေမလုံလောက်တဲ့ အတွက်ကြောင့် စာသင်ကြားတဲ့အခါမှာလဲ အရမ်းခက်ခဲမှုရှိတယ်”လို့ ဒီးမော့ဆိုအနောက်ခြမ်းက ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ဖတ်စာအုပ်လုံလောက်မှု မရှိတာကြောင့် ကလေးတွေဟာ ဖတ်စာအုပ်တစ်အုပ်ကို သုံးလေးယောက်ပေါင်းကြည့်ရပြီး သင်ကြားရေးကို လုပ်ဆောင်နေရတယ်လို့လည်း
သူမက ဆက်ပြောပါတယ်။
ဖတ်စာအုပ်၊ ဗလာစာအုပ်ကို အဆင်ပြေတဲ့ မိသားစုတွေက ဝယ်ယူနိုင်ပေယ့် ခက်ခဲတဲ့ စစ်ရှောင်မိသားစုတွေက မဝယ်နိုင်ကြဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ဖတ်စာအုပ် ၊ စာရေးကိရိယာ မလုံလောက်မှုတွေက သင်ကြားရေးအပိုင်းမှာလည်း နှောင့်နှေးမှုရှိလာတယ်လို့ မိုးဗြဲအနောက်ခြမ်းက ကျောင်းဆရာမတဦးက ပြောပါတယ်။
“အဲ့လိုစာသင်ကြားတဲ့ အခါမှာ ဖတ်စာအုပ်မလုံလောက်ဘူးဆိုရင် သင်ကြားရေးကိုလည်း နှောင့်နှေးစေတယ်။ ကလေးတွေရဲ့ ကျက်မှတ်မှု ၊ လေ့လာမှု ဖတ်စာအုပ်မရှိတဲ့ အတွက် သူတို့ကိုယ်ပိုင်ပြန်ပြီး လေ့လာချင်ရင်တောင်မှ မလေ့လာနိုင်တဲ့ အတွက် သင်ကြားရေးမှာ ဆရာ ဆရာမအတွက်လည်း အခက်ခဲဖြစ်သလို သင်ယူနေတဲ့ ကလေးတွေမှာလည်း အရမ်းကိုနှောင့်နှေးမှုရှိတယ်” လို့ သူက ဆိုပါတယ်။
ကျောင်းသုံးဖတ်စာအုပ်တွေဟာ အတန်းအလိုက် စျေးနှုန်းကွာခြားပြီး အနည်းဆုံး ကျပ်တစ်သောင်းကနေ အများဆုံး တစ်သိန်းကျော်အထိ ပေါက်စျေးရှိပါတယ်။
အတန်းအလိုက် ဖတ်စာအုပ်မလုံလောက်တာကြောင့် ပြီးခဲ့တဲ့နှစ်က လက်ကျန်စာအုပ်တွေကို ကျောင်းသားတွေကို ကံစမ်းမဲနှိုက်ပြီး ပေးရတာ စတဲ့ ကိုယ့်နည်းကိုယ်ဟန် ဖြေရှင်းနည်းတွေကို ဆရာမတွေက ဆောင်ရွက်နေကြပါတယ်။
ဖရူဆိုမြို့နယ်အတွင်းမှာလည်း စစ်အုပ်စု စစ်ကြောင်းကြောင့် ထပ်မံတိမ်းရှောင်နေရတဲ့ ဝယ်ဒူလျား စစ်ရှောင်စခန်းက လူထုတွေဟာ တောတောင်ထဲ ယာယီနေထိုင်ကြပေမယ့် ကလေးပညာရေးအတွက် ကျောင်းဖွင့်လှစ်နိုင်ဖို့ စာသင်ကျောင်းဆောင် ဆောက်လုပ်နေပြီး အရေးပေါ် မိုးကာ၊ ထိုင်ခုံ၊ စာရေးကိရိယာတွေ လိုအပ်နေပါတယ်။
“ကျောင်းဖွင့်ရာသီတော့ နည်းနည်းတော့နောက်ကျမယ်၊ ဘာလို့ဆို လိုအပ်တာတော့များတယ်ပေါ့၊ စာရေးခုံ ၊ ထိုင်ခုံ ၊ မိုးကာ အဲ့ဒါတွေပေါ့” လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။
မြို့နယ်အသီးသီးမှာ စိန်ခေါ်မှု ၊ လိုအပ်မှုတွေရှိတဲ့ကြားက စာသင်ကျောင်းတွေဖွင့်လှစ်နေပြီဖြစ်ပေမယ့် စစ်ရှောင်စခန်းတချို့မှာတော့ ကျောင်းဆောင် ၊ စာရေးကိရိယာ၊ ဖတ်စာအုပ် လိုအပ်ချက်တွေကြောင့် မဖွင့်လှစ်နိုင်သေးပါဘူး။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကရင်နီဒေသမှာ အခြေခံပညာကျောင်းပေါင်း ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။






