spot_img
Homeဆောင်းပါးနွေရာသီအပူဒဏ်နဲ့ လေပြင်းအန္တရာယ်တွေကို ဘယ်လိုကာကွယ်မလဲ

နွေရာသီအပူဒဏ်နဲ့ လေပြင်းအန္တရာယ်တွေကို ဘယ်လိုကာကွယ်မလဲ

-

ကန္တာရဝတီတိုင်း(မ်)

အခုလို နွေရာသီကာလမှာ အပူချိန်မြင့်တက်လာတာနဲ့အမျှ လေပြင်းတွေလည်း မကြာခဏ တိုက်ခတ်လေ့ရှိပါတယ်။ ဒီအခြေအနေ နှစ်ခုလုံးက လူတွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုဘဝအပေါ် အန္တရာယ်များစွာ ဖြစ်စေနိုင်တာပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကရင်နီပြည်က နေရာတချို့မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စစ်ရှောင် တဲအိမ် ၅၀ ကျော် ထိခိုက်ပြီးစီးခဲ့ရပါတယ်။ နေ့အပူချိန်တွေ မြင့်တက်လာတဲ့အတွက် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

မေလဟာ မြန်မာနိုင်ငံရဲ့ အပူဆုံးလထဲမှာ ပါဝင်ပြီး ပုံမှန်အပူချိန်ထက် 1.5°C ခန့် အပူချိန်ပိုမြင့်လာတာဟာ အပူလှိုင်းဖြတ်သလို ခံစားရစေနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အပူဒဏ်ကို ထိတွေ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်တာနဲ့ အပူချိန်က ပိုမိုပြင်းထန်လာမယ်ဆိုရင် သတိလစ်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်တဲ့အခါမှာ အရေပြားပူပြီးခြောက်သွေ့တာ (သို့မဟုတ်) ချွေးအလွန်အကျွံထွက်တာ၊ မူးဝေတာ၊ သတိလစ်တာတွေလည်း ဖြစ်စေနိုင်တာပါ။

အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့နဲ့ ဘေးကင်းစွာနေထိုင်ဖို့ကတော့ ရေပုံမှန်သောက်ခြင်းဖြင့် ရေဓာတ်လုံလောက်အောင် ဖြည့်ထားရမှာဖြစ်ပါတယ်။ နေအပူရှိန်ပြင်းထန်နေတဲ့အချိန်မှာ အပြင်ထွက်တာမျိုးကိုရှောင်ကြဉ်ပြီး အရိပ်ရတဲ့၊ အေးမြတဲ့ နေရာတွေမှာ နေထိုင်သင့်ပါတယ်။ ပေါ့ပါးပြီး ပွပွချောင်ချောင် အဝတ်အစားတွေကိုသာ ဝတ်ဆင်ရမှာဖြစ်ပါတယ်။

အပူဒဏ်လက္ခဏာတွေကို ခံစားရပြီဆိုရင် အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ နေထိုင်ရမှာဖြစ်ပါတယ်။ ရေနဲ့ဓာတ်ဆားကိုလည်း သောက်ပေးရမှာဖြစ်သလို ရေပတ်တိုက်ပေးရပါမယ်။ သတိလစ်တဲ့ အထိခံစားရမယ်ဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ပြသပြီး ဆေးဝါးကုသမှုခံယူရမှာ ဖြစ်ပါတယ်။

နေ့အပူချိန်မြင့်တက်လာတာနဲ့အမျှ ရေခိုးရေငွေ့တွေ ပိုမိုစုစည်းစေပြီး မိုးတိမ်အဖြစ်ရောက်ရှိ စေပါတယ်။ အဲဒီကနေတဆင့် လေထုမငြိမ်မသက်ဖြစ်တာ၊ စိုက်ဆင်းလေပြင်းတွေတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ မိုးကြိုကာလ‌တွေ ဖြစ်တဲ့ ဧပြီ နဲ့ မေလမှာ မိုးသက်လေပြင်းတွေဟာ အချိန်တိုအတွင်း ပြင်းထန်စွာဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

မိုးသက်လေပြင်းနဲ့ အတူ လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကြီးတွေလဲကျတာ၊ နေအိမ်အမိုးတွေ လန်ထွက်တာတွေအပြင် မိုးကြိုးပစ်နိုင်တဲ့အတွက်လည်း လွင်ပြင်မှာရှိနေသူတွေ၊ သစ်ပင်အောက် ခိုလှုံသူတွေနဲ့ လျှပ်စစ်ပစ္စည်းကို ကိုင်တွယ်နေသူတွေအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

လျှပ်တပြက်ရေကြီးတာလည်းဖြစ်နိုင်သလို၊ အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြို့တွင်း ရေနုတ်မြောင်းတွေ ပိတ်ဆို့ပြီး လမ်းမတွေပေါ် ရေလျှံတာတွေ ဖြစ်နိုင်ပါတယ်။

မိုးသက်လေပြင်းကျချိန်မှာ ဘေးကင်းလုံခြုံဖို့အတွက် သစ်ပင်ကြီးတွေနဲ့ ဆိုင်းဘုတ်အနီးတွေမှာ ခိုလှုံတာမျိုး မပြုလုပ်သင့်ပါဘူး။ လေပြင်းကြောင့် သစ်ပင်တွေလဲကျပြီး ဖိမိနိုင်တဲ့အန္တရာယ် ရှိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်တိုင်နဲ့ ဓာတ်အားလိုင်းတွေအနီးကို သွားလာတာလည်း ဓာတ်ကြိုးပြတ်ကျတာနဲ့ ဓာတ်လိုက်နိုင်တဲ့အန္တရာယ်တွေ ရှိနိုင်ပါတယ်။ မိုးကြိုးစီးကူးနိုင်တဲ့ ပစ္စည်းတွေ ကိုင်တွယ်တာ၊ ဖုန်းအားသွင်းတာ၊ တီဗွီကြည့်တာနဲ့ သတ္တုပစ္စည်းတွေဖြစ်တဲ့ ထွန်ယက်ရေးကိရိယာ၊ ငါးမျှားတံ စတာတွေ ကိုင်တွယ်တာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။

ရေကူးတာနဲ့ ရေထဲမှာရှိနေတာကလည်း မိုးကြိုးပစ်ချိန်မှာ ရေပြင်ဟာ လျှပ်စစ်စီးကူးမှု အလွန်ကောင်းတဲ့အတွက် အန္တရာယ်များပါတယ်။ လုံခြုံတဲ့ အဆောက်အအုံအတွင်းနေပြီး မိုးသက်လေပြင်းစတာနဲ့ ခိုင်ခံ့တဲ့ အဆောက်အအုံ (သို့မဟုတ်) ကားအတွင်းမှာသာ ခိုလှုံပါ။

မိုးကြိုးပစ်/လျှပ်စစ်စီးတာကို ရုတ်တရက် တိုးလာစေတဲ့ပစ္စည်းတွေမပျက်စီးဖို့ ကာကွယ်နိုင်ရန်အတွက် ပလပ်ပေါက်တွေကို ဖြုတ်ထားရပါမယ်။ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်တဲ့ အရေးပေါ် သတိပေးချက်တွေကို အမြဲမပြတ် စောင့်ကြည့်နားထောင်သင့်ပါတယ်။

လျှပ်စီးလက်ပြီးနောက် ၃၀ စက္ကန့်အတွင်း မိုးကြိုးသံကြားခဲ့မယ်ဆိုရင် အဆောက်အအုံထဲ ချက်ချင်းဝင် ရမှာဖြစ်ပါတယ်။ နောက်ဆုံး မိုးကြိုးသံကြားပြီး မိနစ် ၃၀ အကြာမှ အပြင်ကို ထွက်ရမှာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ ယခုရက်ပိုင်းအတွင်း အပူရှိန်မြင့်တက်နေတဲ့အတွက် မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးသက်လေပြင်းကျရောက်နိုင်ခြေ ပိုများနိုင်ပါတယ်။ ဒါကြောင့် အိမ်အမိုးအကာ‌တွေနဲ့ သစ်ပင်ကိုင်းခြောက်တွေကို ကြိုတင်စစ်ဆေးပြင်ဆင်ထားဖို့လိုတယ်ဆိုတာ မျှဝေပေးလိုက်ရပါတယ်ရှင်…..

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ