spot_img
Homeဆောင်းပါး“၇ ဆတက်တဲ့ ချည်ဈေးနဲ့ ရှင်သန်နေဆဲ ကယောတို့ရဲ့ ရိုးရာဝတ်စုံ”

“၇ ဆတက်တဲ့ ချည်ဈေးနဲ့ ရှင်သန်နေဆဲ ကယောတို့ရဲ့ ရိုးရာဝတ်စုံ”

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီမှာ ၂၀၂၀ ခုနှစ်အထိ ချည်တခင် (တစည်း) ကို ၁၅၀၀ ကျပ်သာ ရှိခဲ့ပေမယ့် ယခု ၂၀၂၆ ခုနှစ်မှာတော့ ၁၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာပါတယ်။ ဒါကြောင့် ချည်ဈေးဟာ ခြောက်နှစ်ဝန်းကျင်အတွင်း ၇ ဆ နီးပါးအထိ မြင့်တက်လာတာပါ။

ချည်ဈေးမြင့်တက်လာတာကြောင့် ကရင်နီပြည်က ရိုးရာဝတ်စုံကို ကိုယ်တိုင်ယက်လုပ်ပြီး ဝတ်ဆင်သူတွေအတွက် အခက်အခဲရှိလာပေမယ့် ရိုးရာဝတ်စုံကို လက်လွှတ်လိုက်တာတော့ မဟုတ်ပါဘူး။ တချို့က ကိုယ်တိုင်ယက်လုပ်ကြသလို တချို့က နေ့ထူးနေ့မြတ်၊ ပွဲလမ်းသဘင်တွေမှာ ဝတ်ဆင်ဖို့ သိမ်းဆည်းထားကြပြီး တချို့ကလည်း ရိုးရာဝတ်စုံ ယက်လုပ်ရင်း ဝင်ငွေလမ်းကြောင်းတခုအဖြစ် ဆက်လက်လုပ်ကိုင်နေကြပါတယ်။ သို့ပေမယ့် ဝင်ငွေလမ်းကြောင်းအဖြစ် လုပ်ကိုင်သူတွေ အလွန်နည်းပါးပါတယ်။

ကရင်နီပြည်က လူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဝတ်စုံအသီးသီးရှိကြပြီး ထိန်းသိမ်း ဝတ်ဆင်ကြဆဲ ဒေသတွေလည်း ရှိပါတယ်။ အဲ့ဒီထဲမှာ ကယောလူမျိုးတွေ နေထိုင်တဲ့ ထေခိုကျေးရွာလည်း ပါဝင်ပါတယ်။

ထေခိုကျေးရွာဟာ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်အထိ ကယောရိုးရာကို ထိန်းသိမ်းထားတဲ့ ကျေးရွာတရွာအဖြစ် ရပ်တည်ကာ နာမည်ရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီကျေးရွာမှာ ခေတ်ဟောင်းရိုးရာဝတ်ဆင်သူ ၅၀ ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ အသက် ၄၂ နှစ်အရွယ် ဒေါ်ပလို့မူလည်း ပါဝင်ပါတယ်။

သူမဟာ သိတတ်စအရွယ်ကတည်းက မိဘဖြစ်သူတွေက ရိုးရာဝတ်စုံကို ဆင်မြန်းထားပြီးသားလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက ရိုးရာဝတ်စုံကိုပဲ တန်ဖိုးထားနှစ်သက်စွာနဲ့ တစိုက်မတ်မတ် ဝတ်ဆင်လာခဲ့တာပါ။

ဒေါ်ပလို့မူဟာ ကယောရိုးရာဝတ်စုံကို ကိုယ်တိုင်ယက်လုပ် ဝတ်ဆင်လာသူပါ။ အခုတော့ ရှေးခေတ်က အဆင်တန်ဆာတွေဟာ အလွန်ဟောင်းနွမ်းနေလို့ ထိုင်းနိုင်ငံကနေ ဝယ်ယူခဲ့တဲ့ အဆင်တန်ဆာကိုသာ ဝတ်ဆင်ထားတယ်လို့ သူမက ပြောပါတယ်။

“ထိုင်းဖက်မှာ ရှာမှာကြတယ်။ အခုတော့ များလာပြီမို့ သူများတွေသိပ်လာမရှာကြတော့ဘူးလေး။ ဒီမှာကတော့ သူများဟာအရေးပေါ်အနေနဲ့ ရှိနေကြပြီ။ ရှေးခေတ်ကဟာ ရှိတယ်၊ အကောင်းကို လိုချင်ရင်တော့ ထိုင်းဖက်ကနေပဲမှာလာတယ်” လို့ ဒေါ်ပလို့မူက ပြောပြပါတယ်။

ဒေါ်ပလို့မူတို့လို ရိုးရာဝတ်စုံဝတ်ဆင်သူတွေဟာ ဝတ်စုံအတွက် သူတို့ကိုယ်တိုင်ချည်နဲ့ ယက်လုပ်ပြီး ဝတ်ဆင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ချည်တွေဝယ်ယူရတာ အဆင်ပြေပေမယ့် ချည်ဈေးနှုန်း ၇ ဆ နီးပါးမြင့်တက်လာတဲ့အတွက် ရိုးရာဝတ်စုံတွေကို ထပ်မံယက်လုပ်ဖို့ ခက်ခဲနေကြပါတယ်။

လက်ရှိ ထေခိုကျေးရွာမှာတော့ ကယောရိုးရာဝတ်စုံကို ယက်လုပ်သူတွေဟာ ၁၀ အိမ်ဝန်းကျင် ကျန်ရှိနေပါသေးတယ်။ ရိုးရာဝတ်စုံ ယက်လုပ်သူအရေအတွက် လျော့နည်းလာပေမယ့် ရိုးရာဝတ်စုံကို လုံးဝစွန့်လွှတ်လိုက်ကြတာတော့ မဟုတ်ပါဘူး။

ထေခိုကျေးရွာဟာ အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကစပြီး ဟိုတယ်နဲ့ ခရီးသွားလမ်းညွှန်မှု ဦးစီးဌာနကနေ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ဖို့အတွက် CBT လုပ်ငန်းတွေ ဆောင်ရွက်ထားခဲ့တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ယခင်ကတော့ အဆင်တန်ဆာနဲ့ ရိုးရာဝတ်စုံကို ယက်လုပ်ဖို့ ချည်တွေကို လွိုင်ကော်ကနေမှာယူတာရှိသလို ထိုင်းနိုင်ငံဘက်ကနေမှာယူပြီး အသုံးပြုကြပေမယ့် အခုတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် မှာယူဖို့ခက်ခဲလာသလို ဆက်လက်ယက်လုပ်နိုင်ဖို့လည်း ခက်ခဲနေကြပါတယ်။

အခုနောက်ပိုင်း ရိုးရာဝတ်စုံဝတ်ဆင်သူတွေအတွက် တောင်ယာလုပ်ကိုင်နေကြချိန်မှာ ရိုးရာဝတ်စုံဝတ်ပြီး အလုပ်လုပ်ရတာ အဆင်မပြေတဲ့အတွက် သာမန်ဝတ်စုံကို လှဲလှယ်ဝတ်ဆင်ကြရပါတယ်။ ဒါကြောင့် ရိုးရာဝတ်စုံကို နေ့စဉ်ဝတ်ဆင်တာထက် နေ့ထူးနေ့မြတ်၊ ပွဲလမ်းသဘင်တွေမှာ ဝတ်ဆင်ဖို့အတွက်သာ သိမ်းဆည်းထားသူတွေ ပိုများလာပါတယ်။ ဒါ့အပြင် ရိုးရာဝတ်စုံကို ထိန်းသိမ်းဝင်ဆင်လာကြသူတွေမှာလည်း အဆင်တန်ဆာအပြည့်အစုံနဲ့ ဝတ်ဆင်နိုင်တဲ့လူဦးရေတွေ နည်းပါးလာပါတယ်။

“အခုတော့ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။ တယောက်နဲ့တယောက် ကိုယ့်ဟာကိုထိန်းသိမ်းကြတယ်။ ကိုယ့်ရဲ့ အဆင်တန်ဆာတွေ (ရိုးရာ)ဝတ်စုံတွေနဲ့ ကိုယ်စီရှိကြတယ်၊ ထိမ်းသိမ်းကြတယ်။” လို့ ဒေါ်ပလို့မူက ပြောပါတယ်။

ရိုးရာဝတ်စုံကို ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ အဓိကထား ယက်လုပ်ကြတာပါ။ ကျန်တဲ့လတွေမှာတော့ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်နေကြရတာကြောင့် ရိုးရာဝတ်စုံကို ယက်လုပ်ဖို့အချိန်မပေးနိုင်ကြဘူးလို့ ပြောပါတယ်။ ရိုးရာဝတ်စုံတထည်ကို နှစ်ရက်ဝန်းကျင် အချိန်ပေးပြီး ယက်လုပ်ရပါတယ်။ အခုလို ချည်ဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ ကိုယ်တိုင်ယက်လုပ်ဖို့အတွက် ငွေကြေးနဲ့ အချိန် နှစ်မျိုးစလုံး လိုအပ်လာတာ ဖြစ်ပါတယ်။

ဟိုယာဒေသရှိ စစ်ရှောင်လူထုတွေထဲက ယက်ကန်းသင်တန်းပြီးစီးထားသူတချို့ဟာ ကယောရိုးရာဝတ်စုံအပြင် လွယ်အိတ်၊ ခေါင်းပေါင်း၊ ပိုးစောင်နဲ့ ရိုးရာဝတ်စုံအမျိုးမျိုးကို ယက်လုပ်နေကြပါတယ်။ သူတို့အတွက် ဝင်ငွေလမ်းကြောင်းတခုအဖြစ် အထောက်အကူဖြစ်စေပါတယ်။

“ဒီလိုမျိုး ယက်ထည်တွေက ရောင်းအားပါးတယ်ပဲ ပြောရမှာပေါ့နော်၊ သူများအော်ဒါတွေ သိပ်မရှိဘူး ဆိုတော့။ အော်ဒါရှိရင်တော့ ပျော်စရာကောင်းတာပေါ့။ ယက်ရတာလည်း ပျော်တယ်။ ကိုယ့်အတွက် ဝင်ငွေတခုလို့လည်း ခံစားရတယ်။” လို့ စစ်ရှောင်အမျိုးသမီးတဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် ရိုဖီးနာက ပြောပါတယ်။

ယက်ထည်တွေကို ကြိုတင်ယက်ထားတာရှိသလို မှာယူတဲ့သူတွေရှိရင်လည်း ယက်လုပ်ပေးတယ်လို့ သူမက ပြောပါတယ်။ သူမအနေနဲ့ ကြိုတင်ယက်တဲ့ ရိုးရာဝတ်စုံတွေကို တခြားဒေသတွေဆီ တင်ပို့ရောင်းချ လိုပေမယ့် လမ်းခရီးအခက်အခဲကြောင့် ခက်ခဲတယ်လို့ ပြောပါတယ်။

ယက်ကန်းသင်တန်းပြီးထားသူတွေအနေနဲ့ မိမိရဲ့လုပ်ငန်းပြန်လည်စတင်ဖို့ ငွေကြေးအခက်အခဲရှိရင် ချည်ကိုဦးစွာထုတ်ယူပြီး အထည်ယက်လုပ်ကာ၊ ရောင်းချနိုင်တဲ့အခါမှသာ ပြန်လည်ပေးချေနိုင်တဲ့ အခွင့်အလမ်းကို ကယောစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ဖန်တီးထားပေးတယ်လို့ သိရပါတယ်။

ဒီလိုအထောက်အပံ့ရှိနေခြင်းက ချည်ဖိုးအရင်းအနှီး မတတ်နိုင်သူတွေအတွက် ရိုးရာယက်ကန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတခု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ယက်ထည်ရောင်းအား နည်းတာ၊ အော်ဒါမရှိတာနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ယက်ကန်းယက်လုပ်တာကို ရပ်နားထားရသူတွေလည်း ရှိနေပါတယ်။

ရိုးရာဝတ်စုံတွေကို နေ့ထူးနေ့မြတ်၊ ပွဲလမ်းသဘင်ရှိတဲ့အခါ လာရောက်ငှားရမ်းတာ၊ ယဉ်ကျေးမှု ပြသတာတွေမှာ ဝတ်ဆင်တာတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ရိုးရာဝတ်စုံဟာ နေ့စဉ်ဝတ်ဆင်တဲ့ အဝတ်အစားတခုအဖြစ်သာမက ယဉ်ကျေးမှုနဲ့ အစဉ်အလာကိုဖော်ပြတဲ့ အမှတ်အသားတခုအဖြစ်လည်း အသုံးပြုကြပါတယ်။

“အရင်ခေတ်ဆိုတာ အဝတ်အစားဆိုတာ မရှိဘူးလေး၊ မိဘတွေက ကိုယ့်ကိုယ်ယက်တတ်တယ်။ ယက်တတ်တဲ့ဟာတွေကိုပဲ သူယက်ပေးတာ၊ အဲ့ကနေ စဝတ်လာတဲ့ဟာမျိုးအခုထိပေါ့။ တချို့လူခါကျတော့ ခေတ်အပြောင်းအလဲဆိုတာကတော့ တော်ရုံတန်ရုံတော့ သူတို့မဝတ်ကြတော့ဘူးလေး။ ဒါပေမဲ့ အိမ်တိုင်း၊ အိမ်တိုင်းမှာတော့ အ‌ရေးပေါ်ဆိုတာ သူတို့ထားထားတယ်။” လို့ အသက် ၅၇ နှစ်အရွယ် မာဖရိုအီက ပြောပါတယ်။

လက်ရှိမှာ အဆင်တန်ဆာအပြည့်အစုံပါဝင်တဲ့ ကယောရိုးရာခေတ်ဟောင်းဝတ်စုံတစုံကို ကျပ် ၁၀ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အခြေအနေမှာ ရိုးရာဝတ်စုံကို ဆက်လက်ဝတ်ဆင်၊ ယက်လုပ်၊ သိမ်းဆည်းနေကြခြင်းက ကယောလူမျိုးတွေအတွက် ဒီဝတ်စုံဟာ အဝတ်အစားတစုံထက်ပိုပြီး မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုအမှတ်အသား တခုအဖြစ် တန်ဖိုးထားနေဆဲဖြစ်ကြောင်း ပြသနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ