spot_img
Homeဆောင်းပါးမိသားစုအတွင်း မြေမြှုပ်မိုင်းနှင့်တခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ်ကို ဘယ်လိုဆွေးနွေးရမလဲ။

မိသားစုအတွင်း မြေမြှုပ်မိုင်းနှင့်တခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ်ကို ဘယ်လိုဆွေးနွေးရမလဲ။

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီမှာ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်စဉ် ၁၆ ခု ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၄၃ ဦး သေဆုံးကာ ၄၇၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ဦးဗညားက Insight Myanmar ရဲ့ ဆောင်းပါးမှာ ဖြေကြားထားပါတယ်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ အန္တရာယ်လည်း ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ဒီမော့ဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေဟာ အဆိုးရွားဆုံး ထိခိုက်ခံနေရတဲ့ ဒေသတွေထဲမှာ ပါဝင်နေပါတယ်။

မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သော ပစ္စည်းတွေဟာ ပြည်သူတွေနေထိုင်တဲ့ နေရာတွေနဲ့ အနီးအနားမှာ ရှိနေနိုင်ပါတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သော ပစ္စည်းတွေက တိုက်ပွဲဝင်သူဖြစ်စေ၊ အရပ်သားဖြစ်စေ ခွဲခြားမှုမရှိဘဲ လူကြီး၊ လူငယ်၊ ကလေး အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တခုလည်း ဖြစ်ပါတယ်။

မိမိကိုယ်တိုင် မြေမြှုပ်မိုင်းနှင့်တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေရဲ့ အန္တရာယ်ကို သိရှိနားလည်ထားမှသာ ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ပိုမိုကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို မြေမြှုပ်မိုင်းနှင့်တခြားပေါက်ကွဲစေတတ်သော ပစ္စည်းအန္တရာယ်အကြောင်း ရိုးရှင်းစွာရှင်းပြထားဖို့ တကယ်လိုအပ်ပါတယ်။

ကလေးတွေကို မြေမြှုပ်မိုင်းနှင့်တခြားပေါက်ကွဲစေတတ်သောပစ္စည်း အန္တရာယ်အကြောင်း ပြောပြတဲ့အခါ “မသွားနဲ့” လို့ တားမြစ်ရုံနဲ့ မလုံလောက်ပါဘူး။ ဘာကြောင့် မသွားသင့်တာလဲ၊ ဘယ်လိုအရာတွေကို သတိထားရမလဲ၊ မသင်္ကာစရာ အရာတွေ့ရင် ဘာလုပ်ရမလဲဆိုတာကိုလည်း နားလည်အောင် ရှင်းပြပေးဖို့လိုပါတယ်။

အရေးကြီးတာက ကလေးတွေကို ကြောက်စိတ်ပေးဖို့မဟုတ်ပဲ အန္တရာယ်ကိုသိရှိပြီး ကိုယ့်ကိုယ်ကို ကာကွယ်တတ်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုတိုင်း လက်တွေ့ကျင့်သုံးနိုင်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

အသက်အရွယ်နဲ့ ကိုက်ညီအောင်ရှင်းပြပါ
မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သော ပစ္စည်းရဲ့ အန္တရာယ်အကြောင်းကို မိမိရဲ့ ကလေးတွေကို ပြောပြတော့မယ်ဆိုရင် သူတို့ရဲ့ အသက်အရွယ်အရ နားလည်နိုင်တဲ့အလွယ်ကူဆုံး စကားတွေကို အသုံးပြုရပါမယ်။

ရှုပ်ထွေးတဲ့ စကားလုံးတွေမသုံးဘဲ ရိုးရှင်းစွာပြောပြပေးရမှာ ဖြစ်ပါတယ်။ ဥပမာ – “ကွင်းထဲ၊ တောထဲမှာ အန္တရာယ်ရှိတဲ့ အရာလေးတွေ ရှိနေတယ်၊ ဒါကြောင့် အမြဲတမ်းလမ်းကြီးပေါ်ကပဲ လျှောက်ရမယ်။ ဆော့ကစားမယ်ဆိုရင်လည်း ကိုယ့်အိမ်နားပတ်ဝန်းကျင်မှာပဲ ဆော့ကစားရမယ်” လို့ ရိုးရိုးလေး ပြောပြနိုင်ပါတယ်။

အသက်ကြီးတဲ့ ကလေးတွေဆိုရင်တော့ နည်းနည်းပိုပြီး အသေးစိတ်ရှင်းပြနိုင်ပါတယ်၊ ဒါပေမယ့် အမြဲသတိထားရမှာက မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သော ပစ္စည်းတွေ ရဲ့ ပုံသဏ္ဌာန်၊ အလုံး အရေအတွက်တွေကို အသေးစိတ် ရှင်းပြစရာမလိုပါဘူး။ “မထိရ၊ မကိုင်ရ၊ လူကြီးမိဘကို အကြောင်းကြားရမယ်” ဆိုတဲ့ အခြေခံမူ ၃ ချက်ကိုပဲ အလေးထားပြောပြရုံနဲ့ လုံလောက်ပါတယ်။

ကြောက်ရွံ့စိတ်ထက် သတိထားတတ်မှုကိုအလေးပေးပါ
ကလေးတွေကို မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက “အန္တရာယ်ကြီးတယ်” ဆိုပြီး ကြောက်စေတာထက် “ဘယ်လိုဘေးကင်းအောင် နေထိုင်ရမလဲ” ဆိုတာကို အလေးပေး ပြောပြသင့်ပါတယ်။
ဥပမာ – လမ်းသစ်၊ ခြံစည်းရိုးမရှိတဲ့ နေရာသစ်တွေကို ဝင်မလျှောက်ရဘူးဆိုတဲ့ ပုံမှန်လုပ်ဆောင်ချက် လေးတခုဖြစ်လာအောင် သင်ပေးလို့ရပါတယ်။

ဒီလိုပြောရင် ကလေးတွေအနေနဲ့ စိတ်ဖိစီးမှုလျှော့ချရင်း လိုအပ်တဲ့သတိထားမှုလည်း ရရှိသွားနိုင် ပါတယ်။ ဘေးကင်းလုံခြုံတဲ့ အပြုအမူတွေကို သေချာရှင်းပြထားပြီး မိမိကိုယ်တိုင် ကလေးတွေရဲ့ ရှေ့မှာ အမြဲတမ်းစံနမူနာကောင်းဖြစ်အောင် နေထိုင်ပြဖို့လည်းလိုပါတယ်။

“တွေ့ရှိခဲ့ရင် ဘာလုပ်ရမလဲ” ဆိုတာကို ရှင်းပြပါ
မသိကျွမ်းတဲ့ အရာဝတ္ထု၊ သတ္တုအစိတ်အပိုင်း၊ ကြိုးလေးတွေ တွေ့ခဲ့မယ်ဆိုရင် ဘာလုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သင်ပေးထားရပါမယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး ဖြစ်နိုင်ပြီး ပစ္စည်းမျိုးစုံနဲ့ လုပ်ထားနိုင်တဲ့အတွက် ကစားစရာနဲ့လည်း ဆင်တူနိုင်ပါတယ်။ တခါတလေမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ အရောင်တောက်ပပြီး ဘောလုံးလို လုံးဝန်းတဲ့ပုံသဏ္ဌာန်နဲ့ ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် မိဘဆွေမျိုးနဲ့ ရင်းနှီးတဲ့လူကြီးတွေကပေးတာမဟုတ်ရင် ကစားစရာအပါအဝင် ဘယ်အရာကိုမှမယူရဘူးဆိုတာ ကလေးတွေကို ပြောပြရပါမယ်။ ကလေးတွေ ဆော့ကစားကြတဲ့အခါ သူတို့ထဲက ကလေးတဦးဦးက သံသယဖြစ်ဖွယ်ပစ္စည်းတခုခုနဲ့ ဆော့နေတာကိုတွေ့ရင် ချက်ခြင်းရပ်တန့်ဖို့နဲ့ လူကြီးတဦးဦးကို အလျှင်အမြန်အသိပေးဖို့ ပြောပြထားရပါတယ်။

ဒီအချက်တွေကို တကြိမ်ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ပုံပြင်လိုပြောပြတာ၊ ဂိမ်းကစားတာ စတဲ့နည်းလမ်းတွေနဲ့ ထပ်ခါထပ်ခါ သတိရနေအောင် လုပ်ပေးသင့်ပါတယ်။ ဒေသတွင်းက မိုင်းရှင်းလင်းရေးအဖွဲ့နဲ့ မိုင်းအသိပညာပေးအဖွဲ့တွေကနေ ထုတ်ပြန်ထားတဲ့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များကို မိသားစုတခုလုံး အမြဲလိုက်နာရမှာဖြစ်ပါတယ်။

ဥပမာ – မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေရှင်းလင်းပြီးကြောင်း အတည်ပြုချက် မရသေးတဲ့နေရာတွေ၊ တောတွေကိုရှောင်ရှားတာ၊ လူပုံမှန်သွားလာနေကျ လမ်းတွေကိုပဲသုံးတာ စတာတွေပါ။

မိသားစုတွင်း ပွင့်လင်းစွာပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပါ။

မိမိရဲ့ကလေးတွေကို ဘေးကင်းလုံခြုံစေဖို့ နေရာထိုင်ခင်းတွေကို သေချာစီစဉ်ထားရပါမယ်။ သူတို့တွေ မသွားရမယ့်နေရာ၊ ဆော့ကစားလို့မရတဲ့ နေရာတွေကို နယ်နမိတ်အတားအဆီးတွေ ပြုလုပ်ထားပေး ဖို့လည်းလိုပါတယ်။

ကလေးတွေက အခြားနေရာမှာ မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းလို အရာတခုခု တွေ့ခဲ့တယ် (သို့မဟုတ်) သူငယ်ချင်းတွေ ပြောပြတာကြားခဲ့ရင် ချက်ချင်းမိဘကိုပြောနိုင်ဖို့ အလေ့အထရှိထားသင့်ပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ ကလေးတွေအနေနဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်ရှိရင် မိဘကို လွတ်လပ်စွာ ပြန်ပြောနိုင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးထားဖို့ပါပဲ။

အသက်အရွယ်နဲ့ ကိုက်ညီအောင် ရိုးရှင်းစွာရှင်းပြတာ၊ ကြောက်စိတ်ထက် သတိထားတတ်မှုကို အလေးပေးတာ၊ တွေ့ရှိရင် ဘာလုပ်ရမလဲဆိုတာကို ရှင်းပြတာ၊ ဒေသန္တရလမ်းညွှန်ချက်များကို လိုက်နာတာနဲ့ ပွင့်လင်းစွာ ပြောဆိုနိုင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးတာတွေက မိသားစုတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။

ဒီအချက်တွေကို နေ့စဉ်ဘဝမှာ လက်တွေ့လိုက်နာကျင့်သုံးမယ်ဆိုရင် ကလေးတွေရဲ့ ဘေးကင်းလုံခြုံမှုကို အများကြီးတိုးမြှင့်ပေးနိုင်ပါတယ်။ မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သော ပစ္စည်းအန္တာရာယ်ကို ကြိုတင်သိရှိပြီး သတိထားနေထိုင်ခြင်းက ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ