spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

“တပူပေါ် နှစ်ပူဆင့်ရတဲ့ မိဘတို့ရဲ့ စိန်ခေါ်မှု”

ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)

“တခုလပ်ဖြစ်တော့ ကြောက်ရတယ်။ ညအချိန်ပဲဖြစ်ဖြစ်၊ လမ်းသွားလမ်းလာမှာလည်း လူတွေက တခုလပ် ဆိုပြီးတော့ ဘာမှ အလေးမထားကြတော့ဘူး။ အထင်သေးကြတယ်။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲရတာပါပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကလေးမျက်နှာ ထောက်ပြီးတော့မှ စိတ်ကိုပြင်ဆင်ရတာပါပဲ”

ထိုင်း-ကရင်နီနယ်စပ် ဒုက္ခသည်စခန်း အမှတ် (၁) မှာ ကလေးငယ် ၂ ယောက် နဲ့အတူ ဘဝကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေရတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ဆူမာ ဆီကကြားရတဲ့ မိခင်တဦးရဲ့ ရင်တွင်းက ပူလောင်နေရတဲ့ အကြောင်းပါ။

ဒေါ်ဆူမာ ရဲ့ ကလေးတွေဟာ အရွယ်မရောက်ကြသေးတာကြောင့် အားလုံးရဲ့ဝန်ဟာ မိခင်ဖြစ်သူ ပုခုံးပေါ်မှာ ထမ်းထားရပါတယ်။ သူမက နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ကြက်၊ဝက် စတာတွေကို မွေးမြူပြီး ဖြေရှင်းနေရသလို၊ ရာသီပေါ် သီးနှံတွေကို အနည်းအကျဉ်း စိုက်ပျိုးနေပါတယ်။ ဒါတွေဟာ သူမ ကလေးတွေရဲ့ ကျောင်းပညာရေးအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

ကလေး နှစ်ယောက်လုံးရဲ့ ကျောင်းလခကိုတော့ ဒေါ်ဆူမာ တယောက် တခါတည်းပေးချေနိုင်တာ မရှိခဲ့ပါဘူး။ သူမရဲ့ အခက်အခဲကို နားလည်သဘောက်ပေါက်ကြတဲ့ ကျောင်း ဆရာ၊ ဆရာမ တွေက ကျောင်းလခကို နှစ်ကြိမ် ခွဲပေးဖို့ကို နားလည်ပေးတဲ့အကြောင်း ဒေါ်ဆူမာက အခုလို ပြောပါတယ်။

“ကျောင်းလခက များတော့များတယ်။ ဒါပေမဲ့ တဝက်ပဲ အရင်ပေးထားလိုက်တယ်၊ အရင်ပေးထားပြီးတော့ ကျန်တဲ့ဟာအတွက် နောက်တခါကျတော့ နောက်မှ ထပ်ရှာပြီးပေးတယ်။ တခါတည်း အကုန်ပေးဆို မပေးနိုင်ဘူး။ နောက်မှ ပိုက်ဆံထပ်ရှာပြီးပေးဖို့ကို ဆရာမတွေလည်း လက်ခံပေးတော့ အဲ့လိုပဲပေးတယ်” လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ဒုက္ခသည်များ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရပ်တန့်သွားတဲ့ နောက်ပိုင်းမှာတော့ ဒေါ်ဆူမာ အတွက် စိန်ခေါ်မှုက ပိုမိုကြီးမားလာပါတယ်။

အခုချိန်မှာတော့ ဒေါ်ဆူမာ တယောက် ချေးငှားနေရပြီး သားသမီး ပညာရေးအတွက် ရှေ့ဆက်ပြီးတော့ မထောက်ပံ့ပေးနိုင်မှာကို ကြိုတင်တွေးပူနေတဲ့ မိခင်တဦး ဖြစ်နေရပါတယ်။

“အရမ်းခံစားရတယ် အိပ်မပျော်တော့ဘူး သူများတွေ ဆန်တွေ မကူညီတော့ဘူးဆိုရင်။ အ‌ရေးကြီးဆုံးက ဆန်ပဲ။ ကလေးတွေအတွက် ပညာရေးပိုင်းကို မကူညီတော့ဘူးဆိုရင် ကျမတို့ ကလေးတွေက ဘယ်လိုဖြစ်မလဲလို့ စဥ်းစားနေလို့ အရမ်းစိတ်ဆင်းရဲတယ်။ အိပ်လို့တောင် မပျော်တော့ဘူး။ ‌ရှေ့ဆက်မှာတော့ မပြောတတ်ဘူး။ အခုတော့ သွားချေးတယ်။ ရှိသလောက်တော့ ပြန်ဆပ်တယ်။ နည်းနည်းရှာ နည်းနည်းပြန်ဆပ်တယ်။ အဲ့လိုမျိုးပဲလုပ်လိုက်တယ်” လို့ ဒေါ်ဆူမာ က သူမ လတ်တလော ဖြေရှင်းနည်းကို ပြောပြပါတယ်။

ဒေါ်ဆူမာ တယောက် နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေရသလို သား၊ သမီး ပညာရေးကိုလည်း အတတ်နိုင်ဆုံး ကြိုးစားထောက်ပံ့ပေးချင်တဲ့ မိခင်တဦးပါ။

ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ဖခင်မရှိတဲ့ သားနဲ့သမီးကို လမ်းမှားမရောက်ဖို့နဲ့ ပညာတတ် ဖြစ်လာဖို့ အမြဲသွန်သင်ဖြစ်တဲ့အကြောင်းကို အခုလိုပဲ ပြောဆိုသွားပါတယ်။

“သူတို့လိုချင်တာကို ဝယ်ပေးစရာမရှိလို့ လူတွေရဲ့ပစ္စည်းကို သွားခိုးမှာလည်း စိုးရပါတယ်။ အဲ့ကြောင့်မို့ ရသလောက်နဲ့ တတ်နိုင်သလောက်ထိန်းဖို့ တွေးထားပြီးဖြစ်ပါတယ်။ လမ်းမှားမရောက်အောင်နဲ့ လိမ္မာရေးခြားရှိဖို့ ၊ စကားနားထောင်ဖို့ ၊စာကြိုးစားပြီးကျောင်းတက်ပေးဖို့ အမြဲဆုံးမဖြစ်တယ်” လို့ ဆိုပါတယ်။

ဒေါ်ဆူမာ လိုပဲ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဘဲရယ်ဟာလည်း ကလေးငယ် နှစ်ဦးနဲ့ အတူ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ နေ့စဉ်စားဝတ်နေရေး ပြေလည်စေဖို့အတွက် ဦးဘဲရယ်တယောက် ဝါးခုတ်ရောင်းတာတွေ၊ ဝါးထရံလုပ်ပေးတာတွေ၊ ခြံငှားလိုက်တာတွေ စတဲ့ဝင်ငွေရတဲ့ အလုပ်တွေကို ကြုံရာကျပန်း လုပ်ကိုင်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေရသူ တဦးပါ။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လှိုင်လမှာတော့ ဇနီးဖြစ်သူက ၉၆ ပါး ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ကလေးတွေရဲ့မိခင် ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမှာတော့ ဦးဘဲရယ် တယောက် အသက် ၁၁ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးကို ပြုစုပျိုးထောင်ဖို့အတွက် စိန်ခေါ်မှုတွေ ပိုမိုကြီးမားလာပါတော့တယ်။

“အခုက ဘာမှ မလုပ်ရတော့ဘူး။ အခုက သား၊ သမီးနဲ့နေရတာက အခက်ခဲကတော့ အမျိုးမျိုး ကြုံတွေ့ရတာပေါ့နော်။ အလုပ်သွားလုပ်ပြီး ကလေးတွေကို နှစ်ယောက်တည်း ထားခဲ့ရင်လည်း အသက်ကမပြည့်သေးတော့ ထားခဲ့လို့လည်း မရဘူး။ ကျနော့်အတွက်‌တော့ အခက်ခဲက ရှိတာပေါ့ ။ စိုးလည်းစိုးရိမ်ရတယ်” လို့ ဦးဘဲရယ်က ပြောပါတယ်။

စားဝတ်နေရေးအပြင် ကလေးငယ်တွေရဲ့ အနာဂတ် ပညာရေးဟာလည်း သူတို့အတွက် မရှိမဖြစ်တဲ့ အရာတခု ဖြစ်နေတာကြောင့် အခုချိန်မှာတော့ ကလေးတွေကို အတတ်နိုင်ဆုံး ကျောင်းထားပေးပြီး ကြိုစားရုန်းကန်နေပါတယ်။

ဇနီးဖြစ်သူ မဆုံးပါးခင် အချိန်လေးမှာပဲ ဦးဘဲရယ်ရဲ့ သမီးကြီးဟာ ကျန်းမာရေး မကောင်းတာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါသေးတယ်။ ဦးဘဲရယ် တယောက်မှာတော့ သူ့ကလေးငယ်တွေ ပညာရေးကို ဆုံးခန်းတိုင်အောင် မထောက်ပံ့နိုင်မှာကို စိုးရိမ်ပူပန်နေရတဲ့အပြင် ကလေးငယ်တွေရဲ့ ကျန်းမာရေးကြောင့် တညတလေမှ ကောင်းမွန်စွာ အိပ်စက်နိုင်တယ်လို့ မရှိတော့ပါဘူး။

“အခက်ခဲက ပိုရှိတာပေါ့နော်။ ရိက္ခာလည်း
မထုတ်ပေးတော့ဘူးဆိုတော့ အခက်ခဲပိုရှိလာတယ်။ ကျနော့်ကလေးလည်း ကျန်းမာရေးမကောင်းတော့ ဗိုက်လည်း ခွဲခံထားရတယ်။ ဘယ်လိုဖြစ်လာမလဲ ဆိုပြီးတော့ တွေးပြီးကြောက်နေတာမျိုး စိုးရိမ်နေတာမျိုးလည်း ရှိတယ်။ ကျနော့်အတွက် အခက်ဆုံးက စားဝတ်နေရေးပဲလေ။ အလုပ်သွားတာက မနက်သွားပြီးညနေပြန်လာ ဒါမျိုးပဲရှိတယ်။ အခုက အဆင်ပြေလား၊ မပြေလား မသိဘူးလေနော့်။ ကလေးတွေကိုလည်း ထိန်းနေရတော့ အဆင်မပြေနိုင်ဘူးထင်ပါတယ် ကျဆင်းလာဖို့ဘဲရှိမယ်”

ထိုင်းနိုင်ငံက အောက်တိုဘာ ၁ ရက်နေ့ကစပြီး နယ်စပ်က မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့် ပေးလိုက်ပါတယ်။ သို့သော်လည်း ဦးဘဲရယ်တို့လို မိဘတာဝန်တွေကို တဦးတည်း ထမ်းဆောင်နေရသူတွေအဖို့ စခန်းပြင်ပကို အလုပ်ထွက်လုပ်ရင် ကျန်ခဲ့တဲ့ သား၊ သမီးတွေ အတွက်လည်း စိုးရိမ်ပူပန်ရပြန်ပါတယ်။

ဒါပေမဲ့ စားဝတ်နေရေး၊ သားသမီး ပညာရေးတွေအတွက် အပူတွေအပေါ် အပူတွေဆင့်ပြီး ဆက်လက်ရုန်းကန်နေကြဦးမှာပါပဲ။

spot_img