spot_img
Sunday, October 1, 2023
spot_imgspot_imgspot_imgspot_img

IEC မှ ငှာနဆိုင်ရာ ၇ ခုကို ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေကြောင်း အသိပေးကြေညာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အနည်းဆုံး အထောက်အကူပြု ဌာန ၁၂ ခုကို စုဖွဲ့ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဌာန ၁၂ ခုများထဲမှ ဦးစားပေးဌာနတွေအဖြစ် ဌာန ၇ ခုကို စတင်စုဖွဲ့ဆောင်ရွက်နေကြောင်း ဒီကနေ့
( ဩဂုတ်လ ၆ ရက်နေ့) မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများ ပြည်သူ့ထံ တင်ပြအစီရင်ခံခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ၎င်းတို့ရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ အသိပေး ကြေညာထားပါတယ်။

ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်းဘဏ္ဍာရေးနှင့် အခွန်ဌာန စတဲ့ ဌာန ၇ ခုကို ဦးစားပေးဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးထားပါတယ်။

ဦးစားပေးဌာနများကို ဆောင်ရွက်နေစဉ် တချိန်တည်းမှာပဲ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားခွင့် ရရှိရေး၊ ပြည်သူများ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမှီရေး၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ လူ့အသုံးအဆောင်ပစ္စည်းများ ရရှိနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံမှုအတွက် ပြည်ထဲရေးဌာနအောက်မှာ ရှိတဲ့ ကရင်နီပြည်ရဲ ( KSP) ကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ခြင်း၊ တရားစီရင်ရေးစနစ်နဲ့ တရားရုံးများ တည်ထောင်ခြင်း၊ ကျေးရွာ/ ကျေးရွာအုပ်စု/ မြို့နယ်/ပြည်နယ် အဆင့်ဆင့်သော အထွေထွေ အုပ်ချုပ်ရေး ယန္တာရားလည်ပတ်နိုင်ရေးအတွက် ကရင်နီ အထွေထွေ အုပ်ချုပ်ရေးဌာန ( Department of General Administration – Karenni – DGAK ) ဖွဲ့စည်းဆောင်ရွက်ခြင်း စတာတွေကို ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်လမ်းညွန်မှုနဲ့အတူ သက်ဆိုင်ရာ ဌာနအသီးသီးက အားသွန်ကြိုးပမ်း အကောင်အထည်ဖော်နေတယ်လို့ အသိပေး ကြေညာထားပါတယ်။

အကောင်အထည်ဖော်မှုတွေကို သက်ဆိုင်ရာ ပညာရေးအင်အာစုများ၊ ကျန်းမာရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ အလှူရှင်များ၊ တော်လှန်ရေးအင်အားစုများ စတဲ့ အင်အားစုများအပြင် KSCC ၊ NUG တို့နဲ့လည်း ပုံမှန်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေကြောင်းကို IEC က ၎င်း တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( Karenni State Interim Executive Council-IEC ) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ဦးတည်ချက် ငါးရပ်ကို ချမှတ်ပြီး အဖွဲ့ဝင် ခြောက်ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Recent posts