spot_img
Homeအင်တာဗျူး“အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”မှာ ကရင်နီလူငယ်တွေရဲ့ ဂုဏ်ပြုစကားသံများ

“အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”မှာ ကရင်နီလူငယ်တွေရဲ့ ဂုဏ်ပြုစကားသံများ

-

ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းရှိ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ လူငယ်ရေးရာကိစ္စတွေကို အလေးထားဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ၁၉၉၉ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံမှာ” လူငယ်များနေ့” ကို သတ်မှတ်အတည်ပြုခဲ့ပါတယ်။ ၂၀၂၆ခုနှစ် “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”အတွက် ကုလသမဂ္ဂမှ ချမှတ်ထားတဲ့ ဆောင်ပုဒ်မှာ “Different Contexts, Common Aspirations – နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ဂုဏ်ပြုစကား၊ လူငယ်တွေအတွက် အကြီးမားဆုံး လိုအပ်ချက်၊ စိန်ခေါ်ချက်တွေ ဘယ်လိုရှိနေသလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်တချို့ရဲ့ စကားသံကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

မော်လူမြာ ( ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC / လူငယ်ရေးရာဌာန / ဒုဌာနမှုး – ၁ )

မော်လူမြာ ( ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC / လူငယ်ရေးရာဌာန / ဒုဌာနမှုး – ၁ )

“ နိုင်ငံတကာ လူငယ်များနေ့မှာ ကရင်နီပြည်မှာရှိတဲ့ လူငယ်တွေအတွက် ဘာကို အသိအမှတ်ပြုစေချင်လဲဆိုတော့ လူငယ်တွေကို ကရင်နီပြည်ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်တဲ့ အင်အားအဖြစ် ယုံကြည်ပြီးတော့မှ သူတို့ရဲ့ အသံကို နားထောင်ပေးစေချင်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တိုင်းကိုလည်း အသိအမှတ်ပြုစေချင်ပါတယ်။ နောက်တခုက လူငယ်တွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ လူငယ်တွေရဲ့ ဦးဆောင်နိုင်စွမ်းကိုလည်း မကန့်သတ်ပဲနဲ့ အခွင့်အရေး ပေးစေချင်ပါတယ်။ နောက်ဆုံးအနေနဲ့ လူငယ်တွေမှာ ရှိပြီးသားစွမ်းရည်တွေကို ထုတ်ဖော်ပြီးတော့မှ အသုံးချနိုင်တဲ့ အခွင့်အလမ်းနဲ့ ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးစေချင်ပါတယ်။”

ဒဲတာ (တော်လှန်ရေးရဲမေတဦး)

ဒဲတာ (တော်လှန်ရေးရဲမေတဦး)

“ လက်ရှိ ကရင်နီမှာရှိနေတဲ့ လူငယ်တွေအကုန်လုံးအတွက် အရမ်းဂုဏ်ယူလေးစားမိတယ်။ သူတို့ရဲ့မျှော်လင့်ချက်၊ အိပ်မက်တွေ၊ အနာဂတ်တွေ၊ သူတို့ရဲ့လူငယ်ဘဝ ပျော်ရွှင်ရမယ့်အရာတွေ၊ ရရှိနိုင်မယ့်အခွင့်အရေးတွေကို စွန့်လွှတ်ပြီးတော့ ပြည်သူလူထုတွေ အေးချမ်းစွာ နေထိုင်နိုင်ဖို့ရန်အတွက် သူတို့ရဲ့အသက်ကိုစွန့်ပြီးတော့မှ တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်မို့လို့ လူငယ်တွေအတွက်ကို အရမ်းကို လေးစားဂုဏ်ယူမိပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် လူငယ်များက စိန်ခေါ်မှုတွေကို မဆုတ်မနစ်တဲ့စိတ်ဓာတ်နဲ့ ကြံ့ကြံ့ခိုင်ရင်ဆိုင်ပေးကြတဲ့အတွက် အထူးပဲဂုဏ်ယူမိပါတယ်။ ဘယ်လိုအခက်ခဲတွေကြားမှာဘဲရှိနေပါစေ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်မှန်းပိုင်ခွင့်နဲ့ အိမ်မက်မက်ပိုင်ခွင့်က လူငယ်တိုင်းမှာ တန်းတူရှိနေပါတယ်။ လက်ရှိကရင်နီပြည်မှာရှိနေတဲ့ လူငယ်တွေရဲ့အကြီးမားဆုံး စိန်ခေါ်မှုကတော့ လက်နက်ကိုင်ပဋိပက္ခကြောင့် အနာဂတ်တွေပျောက်ဆုံးနေတယ်။ ပညာရေးအခွင့်အလမ်းတွေ ပြတ်တောက်နေတယ်။ စီးပွားရေးအခွင့်အလမ်းတွေ ပြတ်တောက်နေတဲ့ကြားမှာ ကျနော်တို့က ရှင်သန်ရုန်းကန်နေကြရတယ်ပေါ့နော။ ကျနော့်အနေနဲ့ ဒီလိုအချိန်မှာ လူငယ်တွေအတွက် အဓိက ဘာလိုအပ်လဲဆိုရင် ပညာရေးအစားထိုးမှုအခွင့်အလမ်းတွေ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေ၊ ဒါမှမဟုတ်ရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ပြီးတော့ ဖန်တီးပေးနိုင်မယ် ဆိုလို့ရှိရင်တော့ ပိုပြီးကောင်းမွန်မယ်လို့ မျှော်လင့်မိပါတယ်။

ညေးရယ် (ကျောင်းသားတဦး)

ညေးရယ် (ကျောင်းသားတဦး)

“ကျနော်တို့လူငယ်တွေက တိုင်းပြည် ဒါမှမဟုတ် နိုင်ငံတစ်ခုမှာ အဓိကအရေးပါတဲ့သူတွေဖြစ်တယ်။ စစ်ရေးပိုင်းမှာဖြစ်ဖြစ်၊ နိုင်ငံရေးပိုင်းမှာဖြစ်ဖြစ် တခြားကျန်းမာရေး၊ ပညာရေး ကဏ္ဍပိုင်းမှာပဲဖြစ်ဖြစ် ကျနော်တို့လူငယ်တော်တော်များများပါဝင်ကြတယ်။ စစ်ရေးပိုင်းမှာဆိုရင်လည်း ကျနော်တို့လူငယ်တွေတော်တော်များများ အသက်ပေးသွားကြတယ်။ အဲ့ဒါကြောင့် ကျနော်တို့လူငယ်တွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်သလို လက်ရှိအခြေအနေကိုလည်း ကျနော်တို့လူငယ်ပြောင်းလဲနိုင်တဲ့သူတွေဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့လူငယ်တွေမှာ လက်နက်တွေရှိသလို အတွေးအမြင်သစ်တွေနဲ့အရည်အချင်းတွေ၊ စွမ်းဆောင်ရည်လည်း ရှိကြပါတယ်။

ကျနော့်အမြင်ကတော့ ခုချိန်မှာ လူငယ်တွေအတွက် အကြီးမားဆုံး လိုအပ်ချက်ကတော့ အခွင့်အလမ်းလည်း ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ရှေ့မှာလည်း ပြောသွားခဲ့ပြီးပြီ ပညာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ လိုတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ကျွမ်းကျင်မှုတွေ စွမ်းဆောင်ရည်တွေ အတွေးအခေါ်တွေ တိုးတက်အောင် လေ့လာနိုင်အောင် အခွင့်အလမ်းတွေ လိုအပ်တယ်။ ပြီးတော့ နောက်တစ်ခုကတော့ အလုပ်အကိုင် ရရှိဖို့ အခွင့်အလမ်း လိုတယ်။ ပြီးတော့ ကိုယ့်ရဲ့ အတွေးအမြင် ကိုယ့်ရဲ့ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ပြီးတော့ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်နိုင်ဖို့ ဆိုတာထက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အစိုးရဌာနတွေမှာ ပါဝင်နိုင်ဖို့ အဓိကကတော့ လူငယ်တွေကို နေရာပေးဖို့ပေါ့နော်။ အဲ့ဒီ လူငယ်တွေကို ပညာများများပေးဖို့ အဲ့လို အခွင့်အလမ်းတွေ လိုအပ်တယ်လို့ မြင်ပါတယ်။”

သဲသူဇာ (စေတနာ့ဝန်ထမ်းတဦး)

“လူငယ်ဆိုတာ တခုခုလုပ်ဆောင်ဖို့ရန်အတွက် ခွန်အားအပြည့်အဝရှိတဲ့အချိန်၊ လုပ်ဆောင်နိုင်စွမ်းရှိတဲ့အချိန် ပြီးတော့ လုပ်ဆောင်ဖို့ရန်အတွက် ခွန်အားအပြည့်အဝရှိတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လူငယ်အရွယ်မှာ အချိန်ကို အကျိုးရှိရှိအသုံးချရအောင်လို့ ပြောချင်ပါတယ်။ လက်ရှိမှာက ကျနော်တို့လူငယ်တွေအတွက် စိန်ခေါ်မှုမျိုးစုံရှိတယ်။ အဲ့ဒီထဲမှာမှာ ကျနော်တို့ပညာရေးစိန်ခေါ်မှုလည်း ပါဝင်နေတာပေါ့နော။ ကျနော်တို့ ပညာရေးသင်ယူဖို့အတွက် အခွင့်အလမ်းနည်းပါးတာရယ် ပြီးတော့ လက်လှမ်းမမီတာရယ် ဒီလိုမျိုးဖြစ်နေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နောက်ထပ် တထစ်ဖြစ်နေတဲ့ ကျနော်တို့အသက်မွေးဝမ်းကြောင်းပြုဖို့ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေနည်းပါးလာတယ်။ အလုပ်အကိုင်တွေ လုပ်ကိုင်ဖို့ရန်အတွက် ရွေးချယ်မှုလည်း သိပ်မရှိဘူးပေါ့နော။

မင်းကိုနိုင် (စစ်ရှောင်လူငယ်တဦး)

မင်းကိုနိုင် (စစ်ရှောင်လူငယ်တဦး)

“ ကျနော့်အနေနဲ့ ဒီလူငယ်တွေရဲ့အကြီးမားဆုံးလိုအပ်ချက်အနေနဲ့ဆိုလို့ရှိရင်ပေါ့။ ဘာတွေလိုအပ်မလဲဆိုလို့ရှိရင် စီးပွားရေးအခွင့်အလမ်းပေါ့နော။ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက် ပိုမိုပြီးတော့လိုအပ်တယ်လို့ ကျနော့်အနေနဲ့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ ပညာရေးဘက်ကိုကြည့်လိုက်လို့ရှိရင် ပညာရေးဘက်ကကျောင်းတွေအများကြီးရှိတယ်ဗျာ။ ကျောင်းပြီးသွားတဲ့လူငယ်အများစုကတော့ဒီ အလုပ်အကိုင်အခွင့်အလမ်းမှာ အခွင့်အရေးရတာတွေ နည်းပါးတယ်ပေါ့နော။ အဲ့ဒီအတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းကိုပိုပြီးတော့ အားထားပြီးတော့မှလုပ်ပေးစေချင်တယ်။ ပြီးတော့ ဒီခေါင်းဆောင်တွေတချို့ကို ကျနော်ပြောချင်တာကတော့ မြေပြင်မှာရှိတဲ့ လူငယ်တွေကိုလည်းကြည့်ပေးစေချင်တယ်။ ပြီးတော့ ကျနော်တို့ လူငယ်တွေ ဘာတွေလုပ်နိုင်လဲဆိုတဲ့အခွင့်အလမ်းတွေကို မြင်စေချင်တယ်။ ပြီးတော့ ထောက်ပံ့ပေးစေချင်တယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ