spot_img
Homeသတင်းမြန်မာစစ်တပ်က အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်နေဆဲဖြစ်ကြောင်း IIMM အစီရင်ခံစာ ဆို

မြန်မာစစ်တပ်က အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်နေဆဲဖြစ်ကြောင်း IIMM အစီရင်ခံစာ ဆို

-

ကန္တာရဝတီတိုင်း ( မ် )

မြန်မာစစ်တပ် (စစ်အုပ်စု)က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာ၊ ဥပဒေနဲ့ မညီဘဲ ဖမ်းဆီးချုပ်နှောင်တာ၊ ညှင်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား ( IIMM) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဇန်နဝါရီလက ကျင်းပပြီးစီးခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မတိုင်မီကာလကစပြီး အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ တခြားရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ဒီကနေ့အချိန်ထိ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

“ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကို ကျနော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်။ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ နေ့စဥ် ရှင်သန်နေကြရတဲ့အပြင်၊ နက်ရှိုင်းပြီး ရေရှည်ကျန်ရှိနေတဲ့ အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီအချက်က ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေဆီက တာဝန်ခံမှုရရှိဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အလေးအနက် ဖော်ပြနေပါတယ်” လို့ ယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

IIMM ရဲ့ အစီရင်ခံစာအရ ၂၀၂၅ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၆ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ကာလအတွင်း နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေရဲ့ ခိုလှုံရာစခန်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့ ပြောထားပေမယ့် ပျက်စီးသွားတဲ့ ကိန်းဂဏန်းအရေအတွက်ကိုတော့ အသေးစိတ်စာရင်း ထုတ်ပြန်ထားခြင်းမရှိပါဘူး။

အဲ့ဒီစုံစမ်းမှုတွေကို သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်တွေအပါဝင် အရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်ကနေ ရရှိတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံ၊ ဗီဒီယို ၊ အသံဖိုင် ၊ စာရွက်စာတမ်း ၊ မြေပုံ ၊ ဂြိုလ်တုပုံရိပ်၊ ဆိုရှယ်မီဒီယာပိုစ့်တွေနဲ့ မှုခင်းဆေးပညာ အထောက်အထားတွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တစ်ခုချင်းစီကို မှတ်တမ်းတင်ထားခြင်းဟာ ချိုးဖောက်ခံရသူတွေအတွက် နောက်ပိုင်းမှာ ပြန်လည်ကုစားပေးနိုင်ရေးနဲ့ တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အရေးကြီးတဲ့ အခြေခံလုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့( KnHRG) တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ ဖြစ်ပွားတဲ့ စစ်အုပ်စုတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို KnHRG ကလည်း လစဉ်မှတ်တမ်းတင်ထားပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကို အမြစ်ပြတ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ဦးဗညားက ထောက်ပြထားပါတယ်။

“မှတ်တမ်းတင်ခြင်းဟာ လက်ရှိအခြေနေမှာ အများကြီးကုစားမှုတွေ ၊ တရားဥပဒေကြောင်းအရ တရားမျှတမှုကို လက်ရှိမဖော်ဆောင်နိုင်သည့်တိုင်အောင် တချိန်ကျရင် ဒီအချက်အလက်တွေအရ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတဲ့နေရာမှာသော်လည်းကောင်း ၊ ကျူးလွန်ခံရတဲ့သူတွေကို ကုစားပေးတာ၊ နောက်နောင် ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်အောင် ကျနော်တို့က တားဆီးနိုင်မှာဖြစ်တယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းက တော်တော်လေးကို အက္ခရာကျပြီးတော့မှ အရေးကြီးတဲ့အခန်းကဏ္ဍတခုမှာပါဝင်တယ်။” လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ ၂၀၂၅ခုနှစ် ဇွန်လကနေ ၂၀၂၆ခုနှစ် ဩဂုတ် ၁၁ ရက်နေ့အထိ စစ်အုပ်စုတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပြင် တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လသားကလေးငယ်အပါဝင် အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကန္တာရဝတီတိုင်း (မ်) ရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

အဲ့ဒီကာလအတွင်း စစ်အုပ်စုတပ်က ကရင်နီပြည် ဒီးမော့ဆို ၊ ဖရူဆို ၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ ၊ နန်းမယ်ခုံမြို့နယ်တို့မှာ တိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့တာပါ။ အာဆီယံအနေနဲ့ အရပ်သားတွေကိုတိုက်ခိုက်မှုကျူးလွန်နေတဲ့ ရာဇဝတ်မှုအပါဝင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ ဆက်လက်အကောင်အထည်ဖော်ဖို့ နဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ထံ တင်သွင်းဖို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က တောင်းဆိုထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ