spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF တပ်ရင်းတစ်ချို့ စားနပ်ရိက္ခာ ပိုမိုကျပ်တည်းလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ တော်လှန်ရေးကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုခက်ခဲလာပြီး ပြီးခဲ့တဲ့နှစ်တွေထက် အလှူငွေရရှိမှု ပိုမိုအားနည်းလာတယ်လို့ တပ်ရင်းထောက်ပို့အပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တော်လှန်ရေး အစောပိုင်းမှာ အလှူငွေရရှိမှု များပြားခဲ့ပေမယ့် တော်လှန်ရေးကာလ ၂ နှစ်တာ ကာလ ကျော်လာတာနဲ့အမျှ အလှူငွေရရှိမှု လျော့နည်းလာပြီး တပ်ရင်းရဲဘော်တွေကို အခြေခံစားသောက်ကုန်တွေ ဖြန့်ဝေပေးဖို့အခက်အခဲရှိလာနေတယ်လို့ KNDF တပ်ရင်း(၁)က ထောက်ပို့ဌာနမှ ဒုဌာနမှုး မိထော်က ပြောပါတယ်။

” တစ်လနဲ့ တစ်လတော့မတူဘူး အလှူငွေများတဲ့ လဆိုရင် ရဲဘော်တွေကို ပုံမှန် ရိက္ခာပေးနိုင်တယ်ပေါ့နော။ ဒါပေမဲ့ ဒီလိုလမျိုးကျတော့ ညီမတို့ရဲ့ရိက္ခာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား တောင်မပေးနိုင်တဲ့အနေအထားမှာ ရှိတယ်ပေါ့နော်။” လို့ မိထော်ကပြောပါတယ်။

KNDF အမှတ် ( ၁ ) တပ်ရင်းထောက်ပို့ဌာနအနေနဲ့ တစ်လတာ အလှူခံရရှိတဲ့ အလှူငွေရဲ့ ၄၀% ကိုရိက္ခာအတွက် သုံးစွဲပေမယ့် ရိက္ခာအပိုင်းအားနည်းချက်တွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

ရိက္ခာပိုင်းနဲ့ ပတ်သက်ပြီးတော့ ရေရှည်တောင့်ခံနိုင်ဖို့အတွက် တစ်နေ့ကို ထမင်းနှစ်နှပ်သာ စားသုံးပြီး ချွေတာနေရတယ်လို့ KNDF တပ်ရင်း( ၉ ) က ထောက်ပို့တစ်ဦးဖြစ်တဲ့ မကစ်ကစ်က ပြောပါတယ်။

” ညီမတို့တပ်ရင်းအနေနဲ့ ပေါ့နော် စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက တစ်ရက်ကို ထမင်းနှစ်နှပ်ပဲစားပါတယ်ရှင့် ဘာလို့လဲဆိုတော့ နောက်တစ်နှပ်ချွေတာလိုက်ခြင်းအားဖြင့် ရိက္ခာကို ပိုပြီးတော့ စုဆောင်းမိမယ်ဆိုတဲ့အတွေးနဲ့ တစ်ရက်ကိုထမင်းနှစ်နှပ်နဲ့ ၂ နှစ်ကျော်အတွင်းစားသုံးလာတာပါရှင့်။ ” လို့ မကစ်ကစ်က ပြောပါတယ်။

ခက်ခဲတဲ့ရဲဘော်မိသားစုတွေကိုလည်း တပ်ရင်းအနေဖြင့် ရိက္ခာအပိုင်းမှာဖြစ်စေ၊ ငွေကြေးအပိုင်းမှာဖြစ်စေ တတ်နိုင်သလောက်ကူညီပေးတာရှိတယ်လို့ ဆိုပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ တပ်ရင်းပေါင်း (၂၁ ) ရင်းရှိ ပြီး အင်းအားကတော့ ၈ ထောင်ဝန်းကျင်ရှိတယ်လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts