spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP ဗဟိုကော်မတီဝင် ခူညေးရယ်နှင့် တွေ့ဆုံခြင်း

Author

Date

Category

KNPP ဗဟိုကော်မတီဝင် ခူညေးရယ်

ကယား(ကရင်နီ)ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP သည် Bi-litrary Agreement ( ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ်)ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန် တွေ့ဆုံညှိနှိုင်း နေလျက်ရှိသည်။

ယခင်နှစ်မှစတင်ပြီး ပြည်နယ်အစိုးရနှင့် လစဉ်ပုံမှန်တွေ့ဆုံမှု ၆ ကြိမ်တွေ့ဆုံကြသော်လည်း တိုးတက်မှု မရှိလာခဲ့ပေ။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် လွိုင်ကော်မြို့ Famous Hotel တွင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ပြည်နယ်အစိုးရနှင့် လစဉ်ဆုံးဖြတ်ချက်ချနိုင်သည့် သူပုဂ္ဂိုလ်များပါသည့် အစည်းအဝေးပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်နေသည့်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်လည်း လူထုများ၏ သဘောဆန္ဒအရဟုဆိုကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကိုထိုးရန် တိုက်တွန်းပြောဆိုထားမှုများလည်း ရှိနေသည်။့

လက်ရှိကယား(ကရင်နီ)ပြည်နယ်တွင်းတွင် မြေပြင်အခြေအနေများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ KNPP ဗဟိုကော်မတီဝင် ခူညေးရယ်နှင့် တွေ့ဆုံမေးမြန်းထားချက်များတချို့ကို ကောက်နုတ်တင်ပြထားပါသည်။

မေး။ ။ အစိုးရအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA လမ်းကြောင်းကနေ သွားဖို့ ထိုးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုက်တွန်းနိုးဆော်ထားတဲ့အပေါ်မှာ ဆရာတို့ အစီအစဉ်ရှိမရှိ၊ NCA ထိုးဖို့ရှိမရှိ သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့တောင်းဆိုထားတဲ့ဟာ မရပဲနဲ့ ကျနော်တို့ ထိုးဖို့အစီအစဉ်မရှိဘူးပေါ့၊ ဆိုတော့ အခု နောက် ၂ ဖွဲ့ထိုးထားတယ်။ ကျနော်တို့ကတော့ ဒီ Bi-litrary Agreement ( ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ်) ပေါ့နော်ရှိနေတယ်။ ပြည်နယ်မှာရှိတယ်။ ပြည်ထောင်စုမှာရှိတယ် သုံးချင်တဲ့ဟာတွေ ပြန်လည်အကောင်အထည်ဖော်ဖို့ ကျနော်တို့ တောင်းဆိုတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလက ပြည်နယ်အစိုးရနဲ့ ပုံမှန်လစဉ်တွေ့ဆုံဖို့ဆိုပြီးတော့မှ ဒီသဘောတူညီမှုရခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာ ပြည်နယ်အစိုးရနဲ့ ၆ ကြိမ်ပဲတွေ့ခဲ့ရတယ်။ အဲဒီသဘောတူညီချက်မှာ ။ တွေ့တဲ့အခါမှာ ပြည်နယ်အစိုးရဘက်က ဆုံးဖြတ်ပေးနိုင်တဲ့သူ မတွေ့ရဘူး။အဓိက တက်လာတော့လည်း ပြည်နယ်မင်းကြီးပေါ့၊ ရဲဆို ပြည်နယ်ရဲမှူးတို့ပေါ့။ ကျနော်တို့ တင်ပြချင်တာရှိတယ်။ တင်ပြတဲ့အခါမှာ သူတို့က အထက်ကိုတင်ပြပေးမယ်အဲလိုပဲ အဖြေရတဲ့အခါကျတော့ ကျနော်တို့ရဲ့ လစဉ် ပုံမှန်ဆွေးနွေးပွဲက အကျိုးသိပ်မရှိဘူးပေါ့။ အဲလိုပဲမြင်ပါတယ်။ ကျနော်တို့တွေ့မယ်တွေ့မယ်ဆိုပြီး ရပ်တန့်ခဲ့တယ်။

မေး။ ။ အစည်းအဝေးသွားရင် တိုင်းရင်းသားတွေဘက်က ဆုံဖြတ်ချက်ချနိုင်တဲ့သူတွေသွားကြတာတွေ့ရတာပေါ့နော်။ အစိုးရဘက်ကတော့ ဆုံးဖြတ်ချက်ချနိုင်မည့်သူမလာကြာတဲ့အပေါ်မှာ ဘာတွေ တောင်းဆိုချင်ပါသလဲ။

ဖြေ ။ ။ အဓိက ယုံကြည်မှုပဲပေါ့။ ဆိုလိုတာက ဥပမာ ကျနော်တို့မထိုးသေးဘူး။ ထိုးပြီးတဲ့အဖွဲ့တွေထဲမှာတောင်မှ တိုက်ပွဲတွေဖြစ်တယ်။ ဥပမာ KNU နဲ့စစ်တပ်ဆို ယုံကြည်မှုရှိနိုင်ဖို့က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လိုချင်တဲ့ဟာ အားလုံးတော့ မဟုတ်ဘူးပေါ့။ အဓိက NCA ပါအချက်အလက်တွေက အဓိပ္ပါယ်ကောက်ယူတာလွှဲတယ်လေး။ သူတို့ဖြစ်ချင်တာက တမျိုး ကျနော်တို့လိုချင်တာက တမျိုး ဒါပေမယ့် NCA ပါ အချက်အလက်ကတော့ စာကြောင်းကတော့ တခုပဲ ။ ဥပမာ JMC ဆိုရင် နှစ်ဖက်ပြဿနာ ဝိုင်းညှိဖို့ပေါ့ ။ ဒါပေမယ့် အခုက JMC မှာက အမြင့်ဆုံးရာထူးထားတဲ့သူက တပ်ဘက်ပါမယ်။ အစိုးရဘက်ကပါမယ်ဆိုတော့ join (ဆက်) မဖြစ်ဘူးပေါ့။ဆိုတော့ အဲဒီလို တိုက်ပွဲဖြစ်လာတဲ့အခါကျတော့ တစ်ဖက်နဲ့တစ်ဖက် အပစ်တင်လက်ညိုးထိုးတာမျိုး ဖြစ်သွားတယ်။ သူ့ဟာ ညှိနှိုင်းတဲ့ အလုပ်မျိုးမလုပ်တော့ပဲနဲ့ အပစ်တင်တဲ့ အလုပ်မျိုးပဲ လုပ်နေသလိုဖြစ်နေတာပေါ့။

မေး။ ။ ဆရာတို့အနေနဲ့ ဘယ်လိုအခြေအနေရမှ NCA ကိုလက်မှတ်ရေးထိုးနိုင်မလဲ။

ဖြေ။ ။ အဲဒါတော့ ကျနော်ပြောလို့မရဘူး။ သို့သော်လည်း ကျနော်မှန်းကြည့်တာကတော့ ထိုးပြီးသားအဖွဲ့တွေရှိတယ်။ အထိုးရသေးတဲ့အဖွဲ့တွေရှိတယ်။ ဥပမာ မြောက်ပိုင်း မဟာမိတ်တွေရှိတယ်ပေါ့။ ကျနော်တို့က အခြေအနေကို သုံးသပ်ပြီးတော့ ဘယ်အချိန်ထိုးမလဲဆိုတာ ပြောလို့မရဘူး။

မေး။ ။ လက်ရှိဆရာတို့တပ်ပိုင်းဆိုင်ရာဘယ်လိုရှိနေလဲ အစိုးရတပ်အနေနဲ့ပေါ့။

ဖြေ။ ။ တပ်နဲ့တော့ ပြည်နယ် အေးချမ်းသာယာရေးကိုလိုတယ်။ လူထုလည်း အဲဒါလိုချင်တယ်။ ဆိုတော့ တပ်နဲ့တော့ တရားဝင်ဆွေးနွေးပွဲတွေမှာ သိပ်မပြောဖြစ်ဘူးပေါ့။ အလွတ်တွေ့ဆုံတဲ့အခါ အချင်းချင်းညှိပြီးတော့ နှစ်ဖက်တပ်တွေ ပြဿနာမဖြစ်အောင် ကြိုတင်အသိပေးတာတို့ သွားလာတဲ့အခါမှာပေါ့။ ဒီလိုကြိုတင် အသိမပေးလို့ အရင်တုန်းက ဖားဆောင်း နန်းကစ်ဘက်မှာ တိုက်ပွဲတွေဖြစ်ဖူးခဲ့တယ်။

ဒီနောက်ပိုင်းတော့ ရံဖန်ရံခါတွေ့တယ်။ တရားဝင်အစည်းအဝေးထဲမှာတော့မဟုတ်ပါဘူး။

မေး။ ။ တပ်မတော်ဘက်ကကော တပ်အင်အားတွေ တိုးချဲ့တာတွေရှိလား။ ဘယ်လိုအနေအထားတွေမှာရှိလဲ။

ဖြေ။ ။ အခုက သူတို့ရှိနေသေးတယ်။ တိုးချဲ့တဲ့နေရာတွေပေါ့။ ဆိုလိုတာက တပ်နဲ့တွေ့ရင် အဲဒီကိစ္စတွေလည်း ပါပါတယ်။ အဲဒီကိစ္စတွေပြန်ဆွေးနွေးရမယ်။ အခုက ဒီဇင်ဘာ ၂၀၁၈ ကတည်းက ၄ လ အပစ်အခတ်ရစဲသေးတယ်ကော ကျနော်တို့က ၂၀၁၂ ခုနှစ်ကတည်းက ပစ်ခတ်ရထားတာ အခုက ထပ်ကြေညာတော့ သူတို့တပ်တွေကို နောက်မှာထားရင် ပြေးကုန်မှာတို့ဆိုတာတို့ ရှေ့တန်းတနေရာမှာထားတာပေါ့ အခုဆို ရှားတောမှာတခု ဒီးမော့ဆိုမှာတခု ဖားဆောင်းဂွင်ဘက်မှာတခု၊ မယ်စဲ့ဘက်မှာတခုရှိတော့ ပြန်ကြည့်ရင် ရွာနဲ့နီးတဲ့နေရာဆို ရွာသားတွေက စိုးရိမ်ကြတယ်။ ရွာနဲ့နီးတဲ့ ဒေသတဝိုက်ဆိုရင် စိုးရိမ်ကြတယ်။ သူတို့တပ်အခုချိန်ထိ ရှိနေဆဲပါပဲ။ ဒါက ယာယီစခန်းပါပဲ အဲလိုပဲသူတို့ပြောတယ်။ တပ်အင်အားတော့မတိုးချဲ့ဘူး ဒါပေမယ့်နေရာကတော့ တိုးတယ်အဲဒီလိုမျိုး။ တပ်ကလွိုင်ကော် ဒကစ လက်အောက်ခံက တပ်ရင်းတွေပါပဲ။

မေး။ ။ တောင်သူတွေလုပ်ကိုင်စားသောက်တဲ့နေရာတွေက တပ်သိမ်းမြေယာဖြစ်နေတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တောင်သူတွေ ဒုက္ခရောက်နေကြတယ်။ KNPP အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ။ ။ အမျိုးသားနေ့လည်းဖြစ်တယ်။ နောက်တစ်ဖက်မှာ တောင်သူတွေက တောင်ယာမြေပြဿနာဖြစ်တော့ ဝမ်းသာရမှာက တစ်ပိုင်း၊ ဝမ်းနည်းရမှာက တစ်ပိုင်းဖြစ်နေတာပေါ့။ ဝမ်းနည်းစရာတွေ အများကြီးရှိနေတယ်။ ခုနကပြောတဲ့ တပ်သိမ်းမြေယာကိစ္စတွေပေါ့။ ဒီလိုမျိုး မြေယာကိစ္စတို့ ၊ ဥပဒေဆိုင်ရာကိစ္စတို့က ကျနော်တို့ဝင်ပါလို့မရဘူး။ ပါလို့မရဘူးဆိုတာက ဥပမာ လူထုဘက်ရပ်တည်ရင် လူထုအတွက်က ကျနော်တို့က မတရားအသင်း ဖြစ်နေသေးတယ်လေး။ အဲဒီလူထုက ကျနော်တို့ကို အကူအညီတောင်းလို့ ကျနော်တို့သွားရှင်းရင် လူထုက ပုဒ်မ ၁၇(၁)ထဲဝင်မယ်။ အမှုပိုကြီးမှာပေါ့။

Advertisement

မေး။ ။ ပြေလည်အောင် ဆရာတို့အနေနဲ့ ဘယ်လိုလုပ်နိုင်မလဲ။ ဘာနည်းလမ်းတွေရှိလဲ။

ဖြေ။ ။ ကျနော်တို့မှာက ကျနော်တို့ဘက် မြေယာပေါ်လစီရှိတယ်။ ဥပဒေကြောင်းအရ မြေယာပိုင်ဆိုင်ခွင့်ရှိသလို၊ လူမှုရေးအရ မြေယာပိုင်ဆိုင်ခွင့်ရှိရမယ်။ ဥပမာ ဒီရွာက ဘိုးဘွားပိုင်ခေတ်အဆက်ဆက်က ဒီမြေကိုသုံးပြု ခဲ့မယ်။ ကော်မတီတစ်ရပ်ဖွဲ့မယ်။ ရှေ့မှီနောက်မှီတဲ့ဘိုးဘွားတွေပါမယ်။ သိနားလည်တဲ့သူပါမယ်။ ဒီလူက ဒီမြေယာကိုပိုင်ဆိုင်ပါတယ်။ သူ့ အဖေအမေက ဒါလုပ်ကိုင်စားခဲ့ပါတယ်။ သူ့အဖိုးအဖွားက ဒီမြေလုပ်စားခဲ့ပါတယ်။ ဆိုပြီး သိလည်းသိတယ်။ မြင်လည်းမြင်တယ်ပေါ့။ ကျနော်တို့က အဲလိုချထားတယ်ဆိုတော့ ကျနော်တို့ရဲ့ ပေါ်လစီကတော့ ခုချိန်ထိ အသုံးမချနိုင်သေးဘူးဖြစ်နေတော့ မတတ်နိုင်ဘူးဖြစ်နေတယ်။ ဒါတွေက ရိုးရာဓလေ့အရဖြစ်တယ်။

မေး။ ။ ဗိုလ်ချုပ်ကြေးရုပ်ကြောင့် ငြိမ်းချမ်းရေးကို တစုံတရာများ ထိခိုက်နိုင်ပါသလား။ ဘာဖြစ်လို့လဲ။

ဖြေ။ ။ နှစ်ခုလုံးပြောလို့ရပါတယ်။ မထိခိုက်တဲ့ဘက်တွေးရင် မထိခိုက်ဘူးပေါ။ လူထုတွေ လူငယ်တွေ တစုံတခုဖြစ်လာရင်တော့ ကျနော်တို့က လူငယ်ဆိုတာကလည်း ကျနော်တို့အမျိုးသားပဲလေး ကျနော်တို့ အဲဒါတော့ တမျိုးမျိုးတော့ဖြစ်လာမှာပေါ့။

မေး ။ ။ ဆရာတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲထပ်တွေ့ဆုံဖို့ရှိတယ်လို့ကြားထားတယ်။ ဘယ်တော့လဲ။

ဖြေ ။ ။ အမှန်ကတော့ သူတို့ ဒီဇွန်လ ၁၃ ၊ ၁၄ ချိန်းထားတယ် နောက် အစိုးရဘက် တပ်ဘက်က မအားသေးဘူးပေါ့။ နောက် ရက်ပြန်ရွှေ့တယ်။ ဒီလထဲမှာက ကျနော်တို့ ခေါင်းဆောင်တချို့ အပြင်ထွက်သွားတော့ နောက်လတွေ့ဖို့ပဲရှိမယ်။ပြောထားတာတော့ နေပြည်တော်မှာပါပဲ။ တပ်ပိုင်းဆိုင်ရာကိစ္စဆို ဗိုလ်ချုပ်ရာပြည့်တို့ပါဝင်တဲ့ တပ်မတော် တွေ့ဆုံညှိနှိုင်းရေး ကော်မတီနဲ့တွေ့ရင်တော့ အဲဒီမှာပဲ တွေ့ဖို့များတယ်။

မေး။ ။ ဘာတွေ ဆွေးနွေးဖို့ ရှိလဲ။

ဖြေ။ ။ ပြန်တွေ့ရအုံးမယ်။ ပြန်ညှိနှိုင်းရအုံးမယ်။ တိုင်ပင်ဆွေးနွေးထားတာတော့ရှိပါတယ်။ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဒါကတော့ အစိုးရနဲ့ NRPC နဲ့တွေ့မည့်ကိစ္စပေါ့။ တပ်နဲ့တွေ့ရင် တပ်ကိစ္စပေါ့။

မေး။ ။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းအပေါ် ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ ကျနော်ဖြစ်စေချင်တာက အဓိက အစိုးရနဲ့ တပ်နဲ့ အခုဆိုကျနော်တို့မြင်တာက တပ်ကတစ်ဖက် ၊ အစိုးရကတစ်ဖက်လို့မြင်တယ်။ အဲဒီ ၂ ခုလုံးက တိုင်းရင်းသားအပေါ် စေတနာအမှန်နဲ့ တကယ်ငြိမ်းချမ်းရေးလိုချင်တဲ့ အနေအထားမျိုးနဲ့သွားမှ ကျနော်တို့ငြိမ်းချမ်းရေးက စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်မှာပေါ့ သို့မဟုတ်ရင် တစ်ယောက်တစ်မျိုး တစ်ဖက်တစ်မျိုးနဲ့သွားနေရင်တော့ အဲဒီစိတ်ဓတ်နဲ့ဆိုရင်တော့ ဗျူဟာ တစ်မျိုးစီနဲ့သွားရင်တော့ ငြိမ်းချမ်းရေးက ကြာအုံးမယ်။

spot_img
spot_img

Recent posts