spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

“အဓိက တပ်လှုပ်ရှားသွားလာမှုတို့ ပြောဆိုမှုတို့ ယုံကြည်မှုကို ထိခိုက်စေမယ့် အပြုအမူတွေပေါ့ ကျတော်တို့ဖက်က စိုးရိမ်မှုတွေ တင်ပြခဲ့တယ်။”

နော်ဒွေးအယ်ခူ

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇူလိုင်လ ၁ရ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် တပ်မတော် ကိုယ်စားလှယ်တို့နှင့်လည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်ရက်သာအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် သဘောတူဆုံးဖြတ်ချက် ရလဒ်များအခြေအနေကို ကန္တာရဝတီတိုင်း(မ်)မှ KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးကို တွေ့ဆုံမေးမြန်းထားသည့် အကြောင်းအရာများကို တင်ပြလိုက်ရပါသည်။

မေး။ ။ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးဆွေးရေးကော်မတီ (KNPP) နဲ့ NRPC တွေ့ဆုံဆွေးနွေးတဲ့ရက်မှာ အဓိက ဘာတွေဆွေးနွေးဖြစ်ကြလဲ။

ဖြေ။ ။ ကျတော်တို့ မနေ့က ဆွေးနွေးတာတော့ မြေပြင်အခြေအနေပေါ့နော။ ကရင်နီပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေတွေကို ကျတော်တို့ဆွေးနွေးဖြစ်ခဲ့တယ်။ အထူးသဖြင့်ကတော့ ဒီကြေးရုပ်ကိစ္စတွေဆွေးနွေးဖြစ်တယ် ပြီးတော့ မြေယာကိစ္စ အနည်းအကျဉ်းဆွေးနွေးနိုင်ခဲ့တယ်။ NCA လက်မှတ်ရေးထိုးနိုင်ရေးကို နည်းလမ်းရှာနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ ဖြေလျော့နိုင်ဖို့အတွက် ကျေကျေလည်လည်ဆွေးနွေးဖြစ်ခဲ့ပါတယ်။

KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး (ဓါတ်ပုံ – KnIC)

မေး။ ။ ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီးဆွေးနွေးဖြစ်ခဲ့တယ်ဆိုတော့ NRPC ဖက်က ဒီအပေါ်မှာ တစ်စုံတစ်ရာ သဘောထားမှတ်ချက်ပေးတာတွေရှိလား။

ဖြေ။ ။ ကျတော်တို့ဆွေးနွေးတဲ့အခါမှာ NRPC ဖက်ကလည်း ကြေးရုပ်ကိစ္စကို ဆွေးနွေးပိုင်ခွင့်မရှိဘူးပေါ့နော သူတို့နဲ့လည်း မဆိုင်ဘူး အဲလိုအမြင်သဘောထားတွေ ပြောလာတယ်။ ဒါပေမယ့် ကျတော်တို့ဆွေးနွေးလာတဲ့အပေါ်မှာ အဖြေရှာကူမယ်လို့ပဲ ပြောလာတယ်။ ကြေးရုပ်ရွှေ့ပြောင်းနိုင်ရေးကိစ္စနဲ့ တရားစွဲဆိုခံနေရတဲ့လူငယ်တွေရဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့ စတဲ့ကိစ္စတွေမှာတော့ သဘောထားပေးလာတာတွေမရှိဘူး။ KNPP ဖက်က တင်ပြပေးတယ် သူတို့ဖက်က ပြန်ဆွေးနွေးပေးတယ် အဲလိုပဲရှိပါတယ်။

မေး။ ။ NRPC နဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ဆွေးနွေးချက်တွေထဲက ဘယ်အချက်တွေ သဘောတူညီချက်ရခဲ့လဲ။

ဖြေ။ ။ သဘောတူညီချက်ကတော့ များများစားစားတော့ မချမှတ်နိုင်ခဲ့ဘူး။ ဆွေးနွေးမှုကလည်း နည်းလမ်းရှာဖို့အတွက် ဆွေးနွေးနေတာပဲဖြစ်တော့လေ။ ဒါပေမယ့် တစ်ခု KNPP ဖက်က တင်ပြဆွေးနွေးတာတစ်ခုက ကရင်နီပြည်တစ်ခုလုံးမှာရှိတဲ့ လူထုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် တင်ပြဆွေးနွေးခဲ့တယ်။ လောလောဆယ်တော့ ဘယ်အချိန်လုပ်နိုင်မလဲဆိုတာ သဘောတူညီချက်တော့မရခဲ့ဘူး။ ဒါပေမယ့် အဲဒီအကြောင်းအရာကိုတော့ တင်ပြဆွေးနွေးခဲ့တာပေါ့။ လူထုနဲ့တွေ့ကျ ဘယ်လိုနည်းနဲ့တွေ့ကြမလဲ လူဦးရေ ဘယ်လောက်လဲ စသဖြင့် ဆွေးနွေးတဲ့အခါမှာ KNPPဖက်က ဖြစ်စေချင်တာက မြို့နယ် ရ မြို့နယ်မှာရှိတဲ့ လူထုကိုယ်စားလှယ်တွေနဲ့သွားတွေ့မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ KNPP ရဲ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုအခြေအနေတွေကို သွားချပြပြီးတော့ လူထုတွေကို အသိပေးချင်တာ။ လူထုလည်း ပါဝင်နိုင်အောင် သဘောထားအမြင်တွေကို ရယူနိုင်အောင် အဲလိုလုပ်ချင်တယ်။ အဲလိုတင်ပြချက်အပေါ်မှာ လောလောဆယ်မှာ အစိုးရက ဆုံးဖြတ်ချက်မပေးနိုင်သေးဘူး။ KNPP တင်တာကိုတော့ သူတို့ပြန်ဆွေးနွေးပေးမယ်ပေါ့။ သို့သော် အစိုးရဖက်က တစ်ခုပြောလိုက်တာ ဒီအမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလိုမျိုးဆိုရင်တော့ လုပ်လို့တော့မရဘူးလို့ပြောတယ် ဘာကြောင့်လဲဆိုရင် KNPP ဖက်က NCA လက်မှတ်ရေးထိုးထားတာတွေ မရှိသေးလို့လေ။ မရသေးဘူးပေါ့ အဲလိုတော့ ပြောပါတယ်။

မေး။ ။ ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး KNPPဖက်က ပြည်နယ်အဆင့် အစိုးရနဲ့တွေ့ဆုံမှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ဇူလိုင်လ ၂ဝရက်နေ့ကျရင် ပြည်နယ်အဆင့်မှာလည်း KNPP နဲ့ ပြည်နယ်အစိုးရနဲ့ တွေ့ဖို့ရှိတယ်။ ခါတိုင်းတွေ့ဆုံမှုမျိုးပဲ။ သို့သော် မေလ ၆ ရက်နေ့ လွိုင်ကော်မှာတွေ့ပြီးတော့ ပြည်နယ်အဆင့်အစည်းအဝေး ပြန်လည်ဖြစ်မြောက်နိုင်ရေးအတွက် ဆုံးဖြတ်ချက်အသစ်တွေ ချခဲ့တယ်လေ။ အဲနောက်ပိုင်းမှာ ပြည်နယ်အစိုးရနဲ့ပြန်တွေ့တာ ပထမဆုံးအကြိမ်ဖြစ်မယ်။ ဆွေးနွေးမှုပုံစံကတော့ အရင်ပုံစံပါပဲ။ ပြည်နယ်အစိုးရဖက်က သဘောတူထားတဲ့ ကိုယ်စားလှယ်သုံးယောက်နဲ့ KNPP ဖက်က ကိုယ်စားလှယ်သုံးယောက်။ သို့သော် ဆွေးနွေးမှုမှာ ကျတော်ထင်တာ အကြောင်းအရာအချို့ရဲ့ လိုအပ်မှုအရ KNPP ဖက်က ကိုယ်စားလှယ် ၃ယောက်ထက်မက တက်ဖို့ရှိတယ်။ ဒါကတော့ တက်ရောက်မယ့်သူတွေနဲ့ ပတ်သက်ပြီးတော့မှ ခု အချင်းချင်း နှစ်ဖက် ညှိနှိုင်းနေတုန်းပဲရှိသေးတယ်။ အဲဒီမှာလည်း NRPC က ကိုယ်စားလှယ်တွေ လွှတ်ပေးဖို့ပေါ့ KNPP က တင်ပြလာတဲ့အပေါ်မှာ NRPC ဖက်က ကိုယ်စားလှယ်နှစ်ယောက်လွှတ်ပြီးတော့ အဲအစည်းအဝေးကို လာတက်ဖို့ ကျတော်တို့ သဘောတူခဲ့ပါတယ်။

မေး။ ။ KNPP နဲ့ တပ်မတော် တွေ့ဆုံဆွေးနွေးပွဲမှာကော အဓိက ဘာတွေ ဆွေးနွေးဖြစ်ကြလဲ။

ဖြေ။ ။ ဒီနေ့တော့ တပ်မတော်နဲ့တွေ့တယ်။ တရားဝင်အစည်းအဝေးဖြစ်တယ် ကျတော်တို့ ပွင့်ပွင့်လင်းလင်းပဲ အခြေအနေတွေကိုတင်ပြဆွေးနွေးတယ်။ အဓိကကတော့ မြေယာကိစ္စ၊ မြေသိမ်းတဲ့ကိစ္စတွေ ပြီးတော့ တရားစွဲခံနေရတဲ့ တောင်သူရဲ့အရေးတွေပေါ့နော တင်ပြဆွေးနွေးခဲ့တယ်။

မေး။ ။ နှစ်ဦးနှစ်ဖက် တပ်ပိုင်းရာဆိုင်ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တင်ပြဆွေးနွေးခဲ့တာပေါ့။ အဓိက တပ်လှုပ်ရှားသွားလာမှုတို့ ပြောဆိုမှုတို့ ယုံကြည်မှုကို ထိခိုက်စေမယ့် အပြုအမူတွေပေါ့ ကျတော်တို့ဖက်က စိုးရိမ်မှုတွေ တင်ပြခဲ့တယ်။

မေး။ ။ လက်ရှိ ပြည်နယ်ထဲမှာလည်း တောင်သူတွေမြေယာတွေ သိမ်းဆည်းခံနေရတဲ့ ကိစ္စတွေ၊ တောင်သူအချို့ တရားစွဲဆိုခံရတဲ့ ကိစ္စတွေဖြစ်နေတယ်ဆိုတော့ အဲအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ။

ဖြေ။ ။ မြေကိစ္စနဲ့ပတ်သက်ပြီး တင်ပြတဲ့အခါမှာတော့ တပ်မတော်ဖက်က ကျတော်တု့ိကို နားထောင်ပေးပါတယ်။ သို့သော် သူတို့ပြောတာကတော့ ဒါကတော့ တည်ဆဲဥပဒေနဲ့ပဲ သွားရမယ့်အခြေအနေမျိုး အရေးကိစ္စတွေဖြစ်တယ်။ သူတို့အနေနဲ့ကတော့ လောလောဆယ်မှာတော့ ဒီလိုအခြေအနေမျိုးမှာ လုပ်ပေးလို့မရဘူးဆိုတဲ့ သဘောထားမျိုးတော့ ကျတော်တို့ကိုပေးခဲ့တယ်။ ဒီတပ်ပိုင်းဆိုင်ရာ ကိစ္စမှာတော့ စောနကပြောသလိုမျိုး ယုံကြည်မှုတွေ ထိခိုက်စေမယ့်ဟာတွေ ရှိနေတဲ့ဆက်ဆံရေးတွေကို ထိခိုက်စေမယ့်ဟာတွေ ယုံကြည်မှုကို ကျဆင်းစေမယ့် အသွားအလာတို့ ပြုမူဆက်ဆံတာတို့ ပြောဆိုတာတို့ အဲဒါတွေမဖြစ်အောင် နှစ်ဖက်ကနေ ဆက်ပြီးတော့ ထိန်းသိမ်းသွားဖို့ပေါ့ အဲဒါတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

မေး။ ။ အဲကိစ္စအပေါ်မှာ KNPP ဖက်က သဘောထားဘယ်လိုရှိလဲ။

ဖြေ။ ။ ကျတော်တို့ကတော့ ပြည်သူဖက်က ခံစားနေရတဲ့အခြေအနေတွေ တင်ပြဆွေးနွေးခဲ့တယ်။ KNPP ဖက်က သဘောထားကတော့ တင်ပြဆွေးနွေးမှုအရ အမှုတွေကို ကျတော်တို့ ရုတ်သိမ်းစေချင်တယ်။ ဘာကြောင့်လဲဆိုရင် အခုက တောင်သူတွေက စိုက်နေပြီ ဆိုတော့ အခုလို တရားစွဲဆိုခံရတာက စားဝတ်နေရေးကိုု အများကြီး ထိခိုက်စေနိုင်တယ်။ အမှုကို ရုတ်သိမ်းစေချင်တယ် ရုတ်သိ်မ်းလို့မရတောင်မှ စွဲထားတဲ့စွဲချက်တွေ လျော့ပေါ့ပေးဖို့ပေါ့နော အဲလိုမျိူးဖြစ်စေချင်တယ်။ လုပ်ကိုင်စားသောက်ခွင့်ကို လောလောဆယ် ပေးစေချင်တယ် ဘာဖြစ်လို့လဲရင် ခုကစိုက်လည်းစိုက်ထားနေပြီ ဒီတစ်နှစ်အတွက် စားဖို့လည်းလိုတယ် အကြပ်အတည်းတွေလည်း အများကြီးရှိတော့။ ပြီးတော့ မြေပိုင်ဆိုင်မှု အငြင်းပွားမှုကတော့ ရှိနေတုန်းပဲ ဆက်လည်းရှိအုံးမယ် အဲဒါကို သပ်သပ် တစ်ကဏ္ဍဖြေရှင်းပေးဖို့တော့လိုမယ်။

မေး။ ။ ခုလက်ရှိပြည်နယ်အခြေအနေက မတည်ငြိမ်တဲ့အနေအထားမှာရှိနေတယ်ဆိုတော့ KNPP ရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ထင်လား။

ဖြေ။ ။ ပြည်နယ်အခြေအနေမတည်ငြိမ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆွေးနွေးပွဲတွေ သွားတဲ့အခါမှာ အဟန့်အတားဖြစ်စေတယ် ယုံကြည်မှုပျက်ပြားစေတယ်။ ဆွေးနွေးမှုက တိုးတက်မသွားဘဲ ပြည်နယ်ထဲက ပြဿနာတွေ မတည်ငြိမ်မှုတွေကို သွားပြီး အချိန်ပေး ဆွေးနွေးနေသလိုမျိုးဖြစ်သွားတော့ ကျတော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်နှေးကြန့်ကြာစေတယ်လို့ မြင်ပါတယ်။

မေး။ ။ ငြိမ်းချမ်ရေးတွေ့ဆုံဆွေးနွေးပွဲတွေ သွားတဲ့အခါမှာ KNPPက ပြည်နယ်အရေးကိစ္စနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စမှာဆိုရင် ဘယ်အပိုင်းကို ပိုဆွေးနွေးဖြစ်ခဲ့လဲ။

ဖြေ။ ။ Bilateral Agreement တွေပေါ့နော နှစ်ဖက်သဘောတူညီချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်နေတဲ့ အခြေအနေဖြစ်နေတော့ Bilateral ကိစ္စတွေကို ပိုပြီးပြောဖြစ်တယ်ပေါ့နော။ ဒါပေမယ့် NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စကိုလည်း ဆွေးနွေးမှုတိုင်းမှာပြောဖြစ်ပါတယ်။ တင့်ဆို့မှုတွေ ဘာတွေရှိလဲ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ နည်းလမ်းဘယ်လိုရှာမလဲ အဖြေဘယ်လိုရှာကြမလဲဆိုတာကို အမြဲဆွေးနွေးဖြစ်ပါတယ်။

မေး။ ။ မြေပြင်ပဋိပက္ခက KNPPရဲ့ NCA လက်မှတ်ရေးထိုးရေးကို ကြန့်ကြာစေတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ NCA လက်မှတ်ရေးထိုးနိုင်ရေးမှာတော့ bilateral ကို တစ်ခါတည်းဆွေးနွေးအကောင်အထည်ဖော် bilateral ကို ခိုင်မာအောင်လုပ်ရာကနေ NCA လက်မှတ်ရေးထိုးနိုင်အောင်လည်း ဆွေးနွေးမယ်။ ဒီကြားထဲမှာ တင်းဆို့မှုတွေကိုလည်း အဖြေရှာကြမယ် ယုံကြည်မှုတည်ဆောက်ကြမယ် အဲလိုအခြေခံပြီးတော့ တစ်နေ့ NCA လက်မှတ်ရေးထိုးနိုင်တဲ့ အခြေအနေကိုရောက်မယ်လို့ မျှော်လင့်ခဲ့တာပေ့ါ။ အဲလောက် ကြာမယ်လို့ မမျှော်လင့်ခဲ့ဘူးပေါ့ ဒီကြားထဲမှာလည်း မြေပြင်ပဋိပက္ခတွေက ပြန်ဖြစ်တော့ မမျှော်လင့်ဘဲ ဖြစ်လာတော့ ဒီဟာတွေကိုလည်း အချိန်ပိုပေးနေရတော့ ကြန့်ကြာမှုတော့ ဖြစ်စေတယ်ပေါ့။

မေး။ ။ KNPP အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ဖို့ အခြေအနေ ဘယ်ထိရောက်နေပြီလဲ။

ဖြေ။ ။ ခုလောလောဆယ်တော့ NCA လမ်းကြောင်းပေါ်မှာပဲရှိနေသေးတယ် ဆွေးနွေးနေဆဲပေါ့။ တင်းဆို့မှုတွေ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေလျော့ကြမလဲဆိုတာကို အခု အစိုးရနဲ့ ပုံမှန်ဆက်ဆွေးနွေးနေတယ်ပေါ့နော။ ပုံမှန်တွေ့ဆုံဆွေးနွေးမှုကလည်း အရေးကြီးတယ်လေ ဒါမှ ကျတော်တို့ကြားထဲမှာ အချိတ်အဆက်ပုံမှန်ရှိနေမှာပေါ့။

မေး။ ။ လက်ရှိ KNPP သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ KNPPကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်မယ့် အပစ်အခတ်ရပ်စဲရေးမျိုး ပေါ်ထွက်နိုင်ဖို့အတွက် အခု ကြိုးပမ်းနေတယ်။ အခြားတိုင်းရင်းသားအင်အားစုတွေ အဖွဲ့အစည်းတွေနဲ့ ကျတော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်။ အဓိကကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်မယ့် အပစ်အခတ်ရပ်စဲရေးမျိုး လိုလားတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အားလုံးပါဝင်နိုင်ရေးကို လိုလားတယ်။ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းတစ်ခု ပေါ်လာပြီးတော့မှ ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာလည်း တိကျပြီး ထိရောက်မှုရှိတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ပေါ်လာနိုင်ဖို့အတွက်လည်း KNPPဖက်က ပါဝင်ကြိုးပမ်းနေတာပေါ့။ အဲလို ဆွေးနွေးမှု အခင်းအကျင်းကနေ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို အာမခံပေးမယ့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်တစ်ခုပေါ်လာမယ်လု့ိ ယုံကြည်ပါတယ်။

မေး။ ။ ပြည်နယ်အရေးကိစ္စတွေသာ တည်ငြိမ်နေမယ်ဆိုရင် KNPP ဖက်က NCA လက်မှတ်ရေးထိုးနိုင်ဖို့ အဆင်သင့်ရှိနေပြီလား။

ဖြေ။ ။ ကျတော်တို့ကတော့ ဆွေးနွေးမှုနဲ့ပြင်ဆင်ရေးကတော့ရှိတယ်။ ပြည်နယ်အရေးကိစ္စတွေပြေလည်ပြီးတော့ ကျတော်တို့ဆွေးနွေးမှုလည်း ပြေလည်တယ် ရလဒ်ကောင်းတွေလည်း ရတယ်ဆိုရင်တော့ KNPPကတော့ ပြင်ဆင်ထားတာတွေရှိပါတယ်။

မေး။ ။ NRPC ၊ တပ်မတော် နဲ့ KNPP ရဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲ အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့မှ နောက်တစ်ကြိမ် ဘယ်အချိန် ထပ်တွေ့ကြမလဲဆိုတာတော့ ရက်တွေသတ်မှတ်ထားတာမရှိသေးဘူး။ ခုလောလောဆယ်လည်း ဘယ်အချိန်မှာ တွေ့ကြမလဲဆိုတာလည်း မပြောဖြစ်ခဲ့ဘူး။ သို့သော် ဒီကြားထဲမှာ လိုအပ်မှုတွေ ရှိလာမယ်ဆိုရင်တော့ နှစ်ဖက်ခေါင်းဆောင်တွေက အပြန်အလှန် ချိတ်ဆက် အဆက်အသွယ်လုပ်ကြမယ်လို့ ကျတော်ထင်ပါတယ်။

မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

spot_img
spot_img

Recent posts