spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

MMA ကစားသမားဘ၀ကနေ တော်လှန်ရေး မွေဟောက်ဖြစ်လာသူ

Author

Date

Category

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

“ကျနော်ရဲ့  Event ကတော့ ONE CHAMPIONSHIP ရဲ့ ONE WARROR SERIES ဆိုတဲ့ Event မှာ ကျနော် ကစားတယ်ပေါ့။ အဲ့ဒီမှာ ၄ ပွဲထိုးသတ်တယ်။ စာချုပ်ကတော့ ၄ ပွဲ ချုပ်ထားတယ်။ ၄ ပွဲလုံးပြီးသွားတယ်ပေါ့။ ပြီးသွားတော့ ကျနော့်ကို သူတို့ နောက်ထပ် စာချုပ် ၄ ပွဲ ထပ်ချုပ်တယ်။ ဒါပေမဲ့ တပွဲမှ မထိုးလိုက်ရဘူးပေါ့နော်”

သူကတော့ စစ်တပ်အာဏာသိမ်းမှုကို လက်သင့်မခံနိုင်ဘဲ MMA ကစားသမားဘ၀ကနေ အနားယူပြီး စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFမှ ရဲဘော် မွေဟောက်ပါ။

အသက် ၃၀ အရွယ်ရှိ ရဲဘော် မွေဟောက်ဟာ MMA ကစားသမား လောကထဲကို ၂၀၁၇ မှာ ကတည်းက စတင်၀င်ရောက်ခဲ့တာပါ။ စစ်တပ်အာဏာမသိမ်းခင်အထိ သူက ONE CHAMPIONSHIP ရဲ့ ONE WARROR SERIES ဆိုတဲ့ Event မှာ (၄) ပွဲ ပါ၀င်ထိုးသတ်ခဲ့ဖူးတဲ့သူတဦးပါ။ အဲဒီနောက်မှာတော့ နောက်ထပ် (၄)ပွဲ ထပ်မံထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုခံခဲ့ရပေမယ့် စစ်တပ်အာဏာသိမ်းယူလိုက်တဲ့ အတွက်ကြောင့်မို့ သူဟာ သူ့ရဲ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကို စွန့်ခွာခဲ့ရပါတော့တယ်။

ယခင် စစ်တပ်အာဏာသိမ်းယူစဥ်က အကျိုးဆက်တွေကို ခံစားခဲ့ရဖူးတဲ့ ရဲဘော်မွေဟောက် တယောက်ကတော့ အဲ့ဒီခေတ်ဆိုး စနစ်ဆိုးကြီးထဲကို ပြန်မရောက်ချင်တော့သလို၊ အနာဂတ် မျိုးဆက်သစ်လူငယ်တွေကိုလည်း မခံစားစေချင်တော့တာကြောင့် သူရဲ့ တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ဖြစ်ခဲ့ပုံကို အခုလိုမျိုး ပြန်လည်ပြောပြလာပါတယ်။

“ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်အကိုင်တွေ ရှာဖွေစားသောက်လို့ ရနေတဲ့အချိန်မှာပဲ မနက်အစောကြီး sorry ပဲ အာဏာသိမ်းသွားပြီတဲ့။ ကျနော့်ကို ကျနော့်သူငယ်ချင်း နှစ်ယောက်က လှမ်းပြောလာတာ။ မနက်အစောကြီးရှိသေးတယ်။ ၅ နာရီပဲ။ training လုပ်ခါနီးမှာ။ လူကလေ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က အဲ့လိုခေတ်မှာ နေခဲ့ဖူးတော့လေ။ ကျနော့်အသက်အရွယ်နဲ့က တော်တော်မီခဲ့တယ်လေ။ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးတို့ခေတ်မီခဲ့လူတွေ ဆိုတော့ အဲ့ခေတ်လည်း ပြန်မရောက်ချင်တော့ဘူး။” လို့ ရဲဘော်မွေဟောက်ကပြောပါတယ်။

သူဟာ အားကစားကို အလွန်ရူးသွပ်သူတဦးပါ။ သူဟာ MMA ကစားသမားရယ်လို့ ဖြစ်မလာခင် ၂၀၀၉ ခုနစ် တက္ကသိုလ်ကျောင်းသားဘ၀မှာကတည်းက ကရာတေး ကိုယ်ခံပညာရပ်ကို စတင်လေ့လာခဲ့တာပါ။

ကရာတေး လောကထဲကို စတင်ဝင်ရောက်လာတဲ့ အချိန်ကတည်းကစပြီး သူ့ရဲ့ ပန်းတိုင်ကတော့ နိုင်ငံ့လက်ရွေးစင် ဖြစ်ဖို့ပါပဲ။ ဒီလိုနဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရင်း ဆုတံဆိပ် ပေါင်းများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။၂၀၁၃ ဆီးဂိမ်းမှာတော့ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတော်က အားကိုးရတဲ့ နိုင်ငံ့လက်ရွေးစင် ကရာတေး ကစားသမားတဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျောင်းမပြီးခင်မှာပဲ သူရဲ့ ပန်းတိုင်ကို  အရောက်လှမ်းနိုင်ခဲ့ပြီး ၇ နစ် ၈ နှစ်လောက် ကြာအောင် ကရာတေး ကစားသမားအဖြစ်နဲ့ ဘ၀ကို ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်က ၂၀၀၉-၂၀၁၀ ကနေ ၂၀၁၇-၂၀၁၈ အထိလောက်ထိပေါ့နော်။ ကစားတယ်။ဒါပေမဲ့ ကစားတယ် ဆိုတာက ဒီအလုပ်တခုကိုပဲ တစိုက်မတ်မတ် လုပ်တာပေါ့နော်။ကျောင်းနေရင်းနဲ့ ကျောင်းတက်ရင်းနဲ့ပေါ့နော်။အဲ့လိုမျိူး တစိုက်မတ်မတ် လုပ်တာတော့၊ ကရာတေး ကစားတာက ၇ နှစ်လောက်ပေါ့၊ ၇ နှစ် ၈ နှစ်လောက် ကစားခဲ့တယ်”

ဒါပေမဲ့ သူဟာ သူ့ဝါသနာပါတဲ့ အားကစားမှာလောဘကြီးသူ တယောက်မို့ နိုင်ငံ့လက်ရွေးစင် ကစားသမား ဘဝမှာပဲ ရပ်တန့်မနေခဲ့ပါဘူး။ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရင်း ၂၀၁၇ခုနှစ်မှာတော့  လက်ရွေးစင် ဘဝကနေ အနားယူပြီး ပိုပြီး ကြမ်းတမ်းခက်ခဲ လှတဲ့ One Championship MMA လောကထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

“MMAထဲကို ၂၀၁၇ မလေးရှား ဆီးဂိမ်းပြီးတဲ့အချိန်မှာ ကျနော်က Retire သွားတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကျနော် ဒီ ပရော်ဖက်ရှင်နယ် ကရာတေးသမား လက်ရွေးစင်ဘဝကို ကျနော် စွန့်လွှတ်လိုက်တယ်။ ပြီးတော့ ကျနော် MMAထဲကို စတင်ပြီးတော့ ကူးပြောင်းလာခဲ့တယ်” လို့ မွေဟောက်က ဆက်ပြောပါတယ်။

သူဟာ သူ့ဘ၀တလျှောက်လုံး အားကစားလုပ်ရင်းနဲ့ပဲ အချိန်တွေကို ဖြတ်သန်းခဲ့တာပါ။ သူတွေ့ကြုံခဲ့ရတဲ့ သူရဲ့အခက်အခဲ စိန်ခေါ်မှုတွေကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။

“စိန်ခေါ်မှုတွေကတော့ အများကြီးရှိတယ်။ ဒီကရာတေး ကစားတုန်းက နိုင်ငံတော်အထောက်အပံ့တွေလည်း အများကြီး ပါတယ်လေနော်။ နည်းပြကြေး ပေးစရာမှ မလိုတာ။ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး ပေးစရာမလိုဘူး။ အရမ်းကြီး ပြည့်စုံတာ မဟုတ်ဘူး ဆိုရင်တောင် ကိုယ်ဟာနဲ့ကိုယ် ရှာဖွေစားသောက်ရတာ မဟုတ်ဘူးလေနော်။နည်းနည်းလွယ်ကူတယ်ပြောရမှာပေါ့။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ရတယ်။ MMAမှာ ခါကျတော့ အဲ့လို မဟုတ်ဘူး။ ဒီ Training Fee တွေ နိုင်ငံခြားသွားပြီး လေ့ကျင့်မယ် ဆိုရင်လည်း နိုင်ငံခြား နည်းပြတွေဘာတွေကြလည်း သူက fee တွေသွင်းရတာကိုး။ အများကြီးပဲ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်တော့ ဒီဟာကတော့ ပြောင်းလဲကတော့ နှစ်ခုရှိတယ်။ ဒီ MMA နဲ့ ကရာတေးမှာပေါ့နော်”

လက်ရှိမှာတော့ သူရဲ့၀ါသနာကို ကျောခိုင်းပြီး ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF မှာ တာ၀န်ထမ်းဆောင်နေပါတယ်။ သူဟာ အဖွဲ့အစည်းတခုမှာ တာ၀န်ထမ်းဆောင်နေတာဖြစ်တဲ့အတွက် အဲဒီ အဖွဲ့အစည်းရဲ့ခံယူချက်၊ မျှော်လင့်ချက်ဟာ သူရဲ့ခံယူချက်၊ မျှော်လင့်ချက်သာဖြစ်တယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျနော့်ခံယူချက်ကတော့ အခုချိန်မှာ ကျနော့ရဲ့ တဦးတည်း ခံယူချက်မဟုတ်ဘဲနဲ့ ကျနော်ကအသင်းအဖွဲ့ရဲ့ ခံယူချက် ဖြစ်သွားပြီပေါ့နော်။ ဘာလို့လဲဆိုရင် ကျနော်က KNDF မှာ တာ၀န်ထမ်းဆောင်နေတာ ဖြစ်တဲ့အတွက် ကျနော်ရဲ့ ခံယူချက်သည်၊ ကျနော်ရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေက ကျနော့်အသင်းအဖွဲ့ မျှော်မှန်းချက် ခံယူချက်နဲ့ ထပ်တူပါပဲ”

“လျှပ်စစ်မြို့တော်၊ ဒို့လွိုင်ကော်” ဆိုတဲ့ လွိုင်ကော်မြို့ဟာ သူချစ်မြတ်နိုးရတဲ့ သူရဲ့ ဇာတိမြေပါ။ လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ အချိန်မှာကတည်းကပင် တက်ကြွစွာ ပါ၀င်လှုပ်ရှားခဲ့သူတဦးပါ။ ယနေ့အချိန်ထိ ငတ်တလှည့်၊ ပြတ်တလှည့် ခက်ခဲကြမ်းတမ်းလှတဲ့ တော်လှန်ရေးကာလကို ရဲရဲ၀ံ့၀ံ့ ရင်ဆိုင်ကျော်ဖြတ်နေဆဲဖြစ်ပြီး၊ သူနဲ့အတူ တနိုင်ငံလုံးမှာရှိတဲ့  ရဲဘော်ရဲဘက်၊ ညီအစ်ကိုတွေကိုလည်း တော်လှန်ရေး အရှိန်အဟုန်ပိုမို ကောင်းမွန်ပြင်းထန်လာပြီ ဖြစ်တာကြောင့် စိတ်ဓာတ်မကျဖို့ကို အခုလို တိုက်တွန်းစကား ပြောဆိုထားပါတယ်။

“အခုပေါ့နော်။ဒီ စစ်ကောင်စီ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ တနိုင်ငံလုံးမှာရှိကြတဲ့ ရဲဘော်ရဲဘက်တွေကော၊ ပြည်ပမှာရှိတဲ့ ကျနော်တို့ကိုထောက်ပံ့ပေးနေတဲ့ ရဲဘော်ရဲဘက်တွေ အကုန်လုံးကိုပေါ့။ကျနော်တို့တော်လှန်ရေးက အရှိန်အဟုန်ပြင်းလာပြီ။ ဘာမှ စိတ်ဓာတ်မကျကြနဲ့၊ အကုန်လုံးအတူတူဆိုရင် ဘယ်အရာမဆို ကျော်ဖြတ်နိုင်မယ်လေနော်။ အကုန်လုံး ဖိုက်တင်း”

spot_img
spot_img

Recent posts