spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

MTB-MLE စနစ်နဲ့ ရေးဆွဲထားတဲ့ (ကယား) ကရင်နီဘာသာ သင်ရိုးညွှန်းကို လာမယ့် ဇူလိုင်လအတွင်း စတင်သင်ကြားနိုင်တော့မည်

ကန္တာရဝတီတိုင်း(မ်)

မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသုံး ပညာရေး စနစ် ( MTB-MLE ) နဲ့ ရေးဆွဲထားတဲ့ (ကယား) ကရင်နီ ဘာသာ သင်ရိုးညွှန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လလောက်ကစပြီး ကရင်နီပြည်တွင်းမှာ စတင်သင်ကြားနိုင်တော့မယ်လို့ ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောဆိုပါတယ်။

Gread-2 အထိ စတင်သင်ကြားနိုင်မှာဖြစ်ပြီး အဲဒီအတွက် သင်ရိုးညွှန်းတမ်းကို ဇူလိုင်လအတွင်း အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နယ်စပ်ဒေသက စာသင်ကျောင်းတစ်ခုမှာ MTB-MLEစနစ်နဲ့ KGအတန်းကို စတင် သင်ကြားပေးနေတာ နှစ်နှစ်ရှိသွားပြီလို့ ဆိုပါတယ်။

“ စမ်းသပ်ပြီးတော့ သင်ကြားတာ ၂နှစ်လောက်ရှိပါပြီ။ မူကြိုကနေစတာပေါ့နော မူကြိုကနေ KGအထိကတော့ ၂နှစ်ရှိပါပြီ။ အားနည်းချက် အားသာချက်ရှိတဲ့ဟာ တွေကို အခု ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်နေတယ်။ ဖြည့်စွက်နေတယ်။ ပြီးတော့ လာမယ့် ဇူလိုင်လပေါ့နော။ လာမယ့်စာသင်နှစ် ဇူလိုင်လ စပြီးတော့ Gread -2 အထိပေါ့လေ စိတ်ဝင်စားတဲ့ မျိုးနွယ်စုတွေလည်း ဒီ Curriculum (သင်ရိုးညွှန်းတမ်း) ကို ယူသုံးလို့ရပါတယ်။“ လို့ ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောပါတယ်။

ပြည်တွင်းမှာ အဲဒီသင်ရိုးနဲ့ သင်ကြားဖို့ လက်ခံတဲ့ကျောင်းပေါင်း (၇၀)ကျော် ရှိနေတယ်လို့ သိရပါတယ်။

MTB MLEစနစ်နဲ့ ကျောင်းတွေမှာ သင်ကြားဖို့ဆိုရင် ကရင်နီပြည်တွင်းက မျိုးနွယ်စုတွေ အဲဒီစနစ်ကို နားလည်သဘောပေါက်ဖို့ အရေးကြီးသလို မြေပြင်တွေမှာ အသိပညာပေးမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းက စစ်ရှောင်စာသင်ကျောင်းတချို့တွေမှာတော့ အရင် NLD အစိုးရလက်ထက်က သင်ကြားခဲ့တဲ့ KG+12စနစ်နဲ့ သင်ကြားနေကြတာဖြစ်ပါတယ်။ MTB MLEစနစ် ကျင့်သုံးမယ်ဆိုရင် ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ ဘာသာစကားတူရမှာဖြစ်တဲ့အတွက် ကျောင်းတိုင်း အသုံးပြုနိုင်ဖို့ အခက်အခဲတွေ ရှိနေနိုင်တယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက စစ်ရှောင်ကျောင်းတစ်ခုမှာ စာသင်ကြားပေးနေတဲ့ CDMကျောင်းဆရာတစ်ဦးကတော့ MTB MLEစနစ်သင်ကြားဖို့ နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ ကျနော်တစ်ယောက်တည်း အမြင်နဲ့ ပြောရမယ်ဆိုရင် တချို့ ဆရာ၊ ဆရာမတွေက သိပ်သဘောမကျဘူးပေါ့နော။ သူတို့က လုံးလုံး အခုစနစ်နဲ့ပဲ သွားချင်တယ် အဲ့လိုမျိုးရှိတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ခါကျတော့ အစည်းအဝေးတွေဘာတွေ နားထောင်ဖူးသလောက်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ကလေးတစ်ယောက်က သူ့မိခင် ဘာသာစကားနဲ့ အစပြုတဲ့ကလေးတစ်ယောက်က တစ်ခုခုဆိုရင် စာအုပ်ဆိုရင် သူက ကယားဆိုရင် ကယားလို စာအုပ်ကိုဘယ်လိုခေါ်လဲ။ သူ့ရဲ့ မိခင်ဘာသာစကားနဲ့ အရင်ဆုံးသိမှပဲ ပိုအဆင်ပြေလိမ့်မယ်လို့လည်း ကျနော်ထင်တယ်ပေါ့နော။ “

MTB-MLE ပညာရေးစနစ်ဟာ ကျောင်းတွေမှာ မိခင်ဘာစကားနဲ့ အစပြု သင်ကြားရာကနေ အခြားဘာသာစကားတစ်ခုကို စနစ်တကျ ကူးပြောင်းသင်ကြားပေးတဲ့ ပညာရေးစနစ် တစ်ခုဖြစ်ပါတယ်။

“ ဘယ်လိုပဲဖြစ်ဖြစ် ဆရာမတွေရော မိဘတွေရော ဒါသာ နားလည်မယ်ဆိုလို့ရှိရင် စကားတူတဲ့ရွာတွေက သူတို့အတွက် အဆင်ပြေမယ်။ ဥပမာ ကျမတို့မျိုးဆိုရင်လည်း ဒီဟာကို သေချာနားလည်ပြီးနောက်ပိုင်း ကိုယ့်ရဲ့ မိခင်ဘာသာစကား အခြေပြုတဲ့ စာသင်နည်းကိုတော့ လိုချင်တယ်ပေါ့နော။ “ လို့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကယန်းဒေသတွင်းက စာသင်ကျောင်းတွေမှာ MTB-MLE ပညာရေးစနစ်နဲ့ ရေးဆွဲထားတဲ့ ကယန်း (ကရင်နီ) ဘာသာ ကို စမ်းသပ်သင်ကြားနေတာတွေလည်း ရှိနေပါတယ်။ KG အတန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲပြီးဖြစ်သလို Grade 1 နဲ့ Grade 2 အတွက် ရေးဆွဲနေတာတွေရှိတယ်လို့ ကယန်း(ကရင်နီ) ဘာသာ စမ်းသပ်သင်ကြားပေးတဲ့ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားတာရှိခဲ့ပါတယ်။

“ အခုလက်ရှိ သင်နေတဲ့ ကိုယ့်ရဲ့ မိခင်ဘာသာစကားကို အခြေပြုတဲ့ Curriculumတွေကိုလည်း ကျနော်တို့ တားမြစ်တာမျိုးတွေ မရှိပါဘူး။ ဥပမာ – ကယန်းဆို ကယန်းမျိုးနွယ်စုတွေ သင်နေတဲ့ စာပေနဲ့ ဘာသာစကားကိုလည်း ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါက ကိုယ့်ရဲ့ မိခင်ဘာသာဖြစ်တဲ့အတွက် အဲဒါကို အသိအမှတ်ပြုတယ်။ ပိုကောင်းအောင်လည်း ကျနော်တို့ ကူညီဖို့ အားပေးဖို့ ဆိုတဲ့ နည်းလမ်းတွေလည်း ကျနော်တို့ ဆက်ပြီး ရှာကြံနေမှာဖြစ်ပါတယ်။ “ လို့ ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောပါတယ်။

MTB-MLEစနစ်နဲ့ ကရင်နီပြည်တွင်း တခြားမျိုးနွယ်စုတွေအတွက် ဆက်လက်ရေးဆွဲသွားဖို့ လုပ်ဆောင်မှာဖြစ်ပြီး မျိုးနွယ်စုအားလုံးရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေ မပပျောက်အောင် ရည်ရွယ်သလို ကရင်နီပြည်အတွက် သင့်တော်တဲ့ ပညာရေးစနစ်တစ်ခုဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ယာယီစာသင်ကျောင်းတွေဟာ ကိုယ်ထူကိုယ်ထသင်ကြားနေကြရတာဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်မှာ ကျောင်းပေါင်း ၁၃၀ကျော်နဲ့ ကျောင်းသား တစ်သောင်းကျော် ရှိတယ်လို့
ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။

ကရင်နီပြည်တွင်းက စစ်သင်ကျောင်းတချို့မှာ ကရင်နီ မျိုးနွယ်စုတချို့က မိမိတို့စာပေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနေတာရှိပါတယ်။

spot_img
spot_img